Unicode Version
ရဲရင့်ဟာ သူတစ်လလုံးလုံး သောကရောက်ခဲ့ရသည့်ကိစ္စ၏ အရင်းအမြစ်ကို အဂ္ဂထံမှတစ်ဆင့်သိလိုက်ရသောအခါ အသိစိတ်များဗလာကျင်းသွားသလို ခံစားလိုက်ရသည်။
ဖြစ်စဥ်မှာ ရဲရင့်အပေါ် ဟန်မင်းစေရာတို့ဆက်ဆံပုံကို ဘေးလူဖြစ်သောအဂ္ဂကပင် သတိထားမိသွားပြီး ကိုယ်တိုင်ကိုယ်ကျစုံစမ်းလာသည့်အကြောင်းအရာကို ရဲရင့်အား တုံ့ဆိုင်းစွာပြောလာခဲ့ခြင်းကစသည်။
ထင်မထားသည့်အကြောင်းအရာများကြောင့် ခေါင်းရှုပ်ပြီးချာချာလည်သွားရသော်လည်း ကိစ္စများ၏တရားခံမှာ လင်းရိပ်မာန်ဖြစ်နေကြောင်း သူနားလည်လိုက်ရသည်။ သူ့မှာ ကူကယ်ရာမဲ့သလိုခံစားလိုက်ရပြီး ကိုယ့်ကိုယ်ကိုယ်ပင်လှောင်ရယ်လိုက်မိသည်။ ဤအကြောင်းအရာများကိုမသိခဲ့ဘဲ သူသည် လင်းရိပ်မာန်ကိုပင် ရင်ဖွင့်ခဲ့မိလေသည်။ မိုက်မဲရူးသွပ်မိလေခြင်း..။
"ငါလဲ တိတိကျကျတော့မသိခဲ့ရပေမယ့် ကြည့်ရတာ အဲ့ဒီကောင်လေးက သူတို့အပျော်ခရီးထွက်မှာမို့ နိုနိုနဲ့ရိန်းကို မင်းကိုထိန်းခိုင်းမယ်လို့တိုင်ပင်နေတာကို တိုက်တိုက်ဆိုင်ဆိုင်ကြားသွားပုံပဲ။ အဲ့ဒီကနေစပြီး ပြဿနာရှာတာ။ နောက်တော့ ထက်ယံအထိနာစေမယ့်စကားကို သူပြောသွားသေးတယ်လို့ ဟန်မင်းကတော့ပြောတာပဲ"
အဂ္ဂပြောသမျှကိုနားထောင်ရင်း ရဲရင့်မှာ မျက်စိရှေ့ရှိစားပွဲကို ဒေါသတကြီးမှောက်လှန်မပစ်မိစေရန် ထိန်းချုပ်နေရသည်။ လင်းရိပ်မာန်သည် သူ၏ဘဝကို ဝင်စွက်ဖက်ရန်ကြိုးစားနေသည့်အပြင် သူနှင့် သူ၏သူငယ်ချင်းများအကြားကိုပါ ခလောက်ဆန်စေခဲ့သည်။ ဤကိစ္စကို သူ့အနေနှင့် သာမန်မျှဖြေရှင်း၍မဖြစ်တော့ချေ။ တစ်ခါတည်းအပြတ်ဖြတ်မှ တော်ကာကျပေရော့မည်။
"ငါသိပြီ"
"အဲ့ဒီတော့ မင်းဘယ်လိုလုပ်မှာလဲ"
"အကြောင်းအရင်းကိုသိရပြီဆိုတော့ အဲ့ကောင်အစား ငါကပဲတောင်းပန်သင့်ရင်တောင်းပန်ရမယ်လေ"
အဂ္ဂကလည်း သူ၏စကားကြောင့် တွေးဆဆနှင့် ငေးမောသွားလေသည်။
YOU ARE READING
I Found My Prince Charming (Season-3) [Completed]
Romanceသားရိုင်းကောင်လို အဆိုးအတေလေးတစ်ယောက်ကို ထိန်းကျောင်းနိုင်ဖို့အတွက်ဆိုရင် ကိုယ်တိုင်ကလည်း သူ့ထက်နှစ်ဆဆိုးသွမ်းနိုင်ရတယ်။ ရာဇဝင်တွင်လောက်တဲ့လူဆိုးနှစ်ယောက်ဖူးစာဆုံကြတဲ့အခါမှာတော့ အချစ်ကြမ်းကြမ်း၊ အနမ်းရိုင်းရိုင်းတွေသာ ဖြစ်တည်ပါသတဲ့။