Unicode Version
"ငါ့အပိုင်"ဟူသည့်စကားက သူတို့နှစ်ယောက်အကြား စစ်ကြေညာလိုက်သည့်နှယ် ဂယက်ထသွားစေခဲ့သည်။
ဆက်လာမည့်ရက်ပိုင်းအတွင်းမှာ လင်းရိပ်မာန်ဟာ ယိမ်းလက်ယာ၏အသည်းအသန်နှောင့်ယှက်ခြင်းကို ခံရတတ်သလို လင်းရိပ်မာန်ကလည်း တွေ့လျှင်တွေ့သည့်နေရာ၌ ယိမ်းလက်ယာကို နှုတ်အားဖြင့်ဖြစ်စေ၊ ကိုယ်အားဖြင့်ဖြစ်စေ တုံ့ပြန်လေသည်။
အပွဲပွဲနွှဲကြသည့်ရန်ပွဲတိုင်းမှာ ရံဖန်ရံခါ လင်းရိပ်မာန်ဘက်က လုံးဝအနိုင်ရတတ်သည့်အခါရှိသလို နှစ်ဦးသားသရေကျသည့်ပွဲများလည်းရှိ၏။ ထိုအခါမျိုးတွင် လင်းရိပ်မာန်ရသောဒဏ်ရာများမှာ ပုန်းလျှိုးကွယ်လျှိုးမထားနိုင်တော့သည့် မျက်နှာထက်ရှိဒဏ်ရာများဖြစ်နေတတ်သည်။
လင်းရိပ်မာန်အဖို့တော့ ထိုဒဏ်ရာကြောင့် ကြည့်ရဆိုးလည်းဂရုမစိုက်ပေ။ သူ စိုးရိမ်သည်မှာ ရဲရင့်တစ်ဦးတည်းသာ။ ရဲရင့်က ဤဒဏ်ရာရလာသည့်အကြောင်းအရင်းကို မေးမြန်းပြီး မည်သို့နှယ်တုံ့ပြန်လာမည်ကို သူမသိချင်၍ဖြစ်သည်။
ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ရဲရင့်ကို ယိမ်းလက်ယာနှင့် နည်းနည်းမျှပတ်သက်ခွင့်မပေးချင်တော့။
ထိုပုံစံအတိုင်း ရက်သတ္တပတ်အတော်ကြာကြာကုန်လွန်ခဲ့ပြီးနောက် ရဲရင့်ဘက်က ထိုဒဏ်ရာများကိုလျစ်လျူမရှုနိုင်တော့သည်အထိ ဖြစ်လာသောတစ်နေ့မှာတော့ လင်းရိပ်မာန်လည်း တားဆီးခြင်းငှါမစွမ်းနိုင်တော့ချေ။
ထိုနေ့က လင်းရိပ်မာန်အငိုက်မိခဲ့သောနေ့လည်းဖြစ်၏။
ရဲရင့်ကို အလုပ်ကိုလိုက်ပို့ပေးခဲ့ပြီးနောက် သူသည် မနက်စာမစားရသေးသောရဲရင့်အတွက် တစ်ခုခုဝယ်ပေးရန် ကားဖြင့်ပြန်ထွက်လာခဲ့သည်။ အနားရှိFast Foodဆိုင်မှာ Sandwichနှင့်ကော်ဖီဝယ်ပြီးသည်နှင့် တစ်ဖက်လမ်းမှာရပ်ထားခဲ့သောကားဆီကိုသွားသည့်လမ်းမှာ တစ်စုံတစ်ယောက်၏ချောင်းရိုက်ခြင်းကိုခံခဲ့ရသည်။
အရိုက်ခံလိုက်ရသောနောက်စေ့က နာကျင်မှုနှင့်အတူ သွေးစက်များက တရစပ်စိမ့်ထွက်လာပြီး ထိုဒဏ်ရာကြောင့် သူ၏နားထဲမှာ တစီစီမြည်သံများနှင့်ပြည့်နှက်သွားရကာ တစ်ခဏမျှမတုံ့ပြန်နိုင်လိုက်ချေ။
YOU ARE READING
I Found My Prince Charming (Season-3) [Completed]
Romanceသားရိုင်းကောင်လို အဆိုးအတေလေးတစ်ယောက်ကို ထိန်းကျောင်းနိုင်ဖို့အတွက်ဆိုရင် ကိုယ်တိုင်ကလည်း သူ့ထက်နှစ်ဆဆိုးသွမ်းနိုင်ရတယ်။ ရာဇဝင်တွင်လောက်တဲ့လူဆိုးနှစ်ယောက်ဖူးစာဆုံကြတဲ့အခါမှာတော့ အချစ်ကြမ်းကြမ်း၊ အနမ်းရိုင်းရိုင်းတွေသာ ဖြစ်တည်ပါသတဲ့။