Unicode Version
နောက်တစ်ရက်မနက်ခင်းတွင်လည်း ရဲရင့်ပင်မနိုးသေးချိန်မှာ ဝီရိယကောင်းလွန်းနေသော လင်းရိပ်မာန်တစ်ယောက် မနက်စာအထုပ်များနှင့်အတူ ရောက်ချလာပြန်သည်။
"မင်း အစောကြီးထပ်ရောက်လာပြန်ပြီ"
ရဲရင့်မှာ ဖုန်းဆက်ပြီးအနှိုးခံလိုက်ရသည့်အတွက် စိတ်မကြည်မလင်ဖြစ်နေသည်။ ထို့ကြောင့် တံခါးဝမှာ အိပ်မှုန်စုန်မွှားဖြစ်နေသောအမူအရာနှင့် မတ်တပ်ရပ်ပြီး လင်းရိပ်မာန်ကိုရန်လုပ်လေသည်။
"ကျွန်တော်က ဖြစ်နိုင်ရင် ဒီ့ထက်စောစောလာချင်သေးတာ"
လင်းရိပ်မာန်က တံခါးဝတွင်ပိတ်ရပ်နေသောရဲရင့်ကို ဖယ်ပေးဖို့လည်းမပြောဘဲ စိတ်ရှည်လက်ရှည်စောင့်နေလေ၏။ ရဲရင့်ကလည်း စိတ်မကြည်သဖြင့် သူ့ကိုအလွယ်တကူပေးဝင်ရန် မကြည်ဖြူဟန်ဖြင့် ပေကပ်ကပ်လုပ်နေလေရာ တံခါးဝမှာ နှစ်ယောက်သား အတော်ကြာသည်အထိရပ်နေကြပြီးမှ ရဲရင့်က အိမ်ထဲကိုဝင်ရန်လမ်းဖွင့်ပေးတော့သည်။
"ခင်ဗျား မျက်နှာသွားသစ်ချေ။ ကျွန်တော် မနက်စာဝယ်လာတယ်။ အတူစားရအောင်"
လင်းရိပ်မာန်က ထမင်းစားပွဲဆီကိုတည့်တည့်လျှောက်သွားပြီး သူဝယ်လာသည့်မနက်စာများကို အထုပ်ထဲမှပန်းကန်ထဲသို့ပြောင်းထည့်နေသည်။ ရဲရင့်လည်း သူ့အနောက်ကလိုက်လာပြီး မနက်စာထုပ်များကို လှမ်းကြည့်သည်။
"ထပ်ပြီး မြီးရှည်ပဲလား"
"အင်းလေ။ ခင်ဗျားကြိုက်တယ်မဟုတ်ဘူးလား"
"ကြိုက်ပေမယ့် အဲ့ဒါကိုပဲနေ့တိုင်းမစားနိုင်ဘူးလေ။ မင်း တစ်ပတ်လုံး ဒါတွေပဲဝယ်လာတာ။ မြီးရှည်ကို ငါ အဲ့လောက်ကြီးတော့ ကြိုက်မနေဘူး"
"ဟိုးအရင်တုန်းကတော့ နေ့တိုင်းစားရရင်တောင် ငြီးငွေ့မှာမဟုတ်ဘူးလို့ ခင်ဗျားပြောခဲ့တာပါ"
"မင်း ဘာပြောလိုက်တာလဲ"
တစ်ကိုယ်တည်းတီးတိုးရေရွတ်လိုက်သော လင်းရိပ်မာန်၏စကားကို ရဲရင့်က မသဲမကွဲသာကြားလိုက်ရသည်။ လင်းရိပ်မာန်ကလည်း သူသိအောင် ထုတ်ပြောလိုစိတ်မရှိသဖြင့် စကားလမ်းကြောင်းသာလွှဲလိုက်လေသည်။
ESTÁS LEYENDO
I Found My Prince Charming (Season-3) [Completed]
Romanceသားရိုင်းကောင်လို အဆိုးအတေလေးတစ်ယောက်ကို ထိန်းကျောင်းနိုင်ဖို့အတွက်ဆိုရင် ကိုယ်တိုင်ကလည်း သူ့ထက်နှစ်ဆဆိုးသွမ်းနိုင်ရတယ်။ ရာဇဝင်တွင်လောက်တဲ့လူဆိုးနှစ်ယောက်ဖူးစာဆုံကြတဲ့အခါမှာတော့ အချစ်ကြမ်းကြမ်း၊ အနမ်းရိုင်းရိုင်းတွေသာ ဖြစ်တည်ပါသတဲ့။