Unicode Version
ကော်ရစ်တာရှိမီးအလင်းရောင်သည် သူ့မျက်နှာ၏တစ်ဝက်ခြမ်းကို အမှောင်ထုထဲကျရောက်ခြင်းမှ ခုခံထားပေးသည်။ အလင်းတစ်ဖက် အမှောင်တစ်ခြမ်းဖြစ်နေလေသော သူ့မျက်နှာထက်ရှိအမူအရာကတော့ ဗလာသက်သက်သာ။
ပျော်ရွှင်ခြင်းဝမ်းနည်းခြင်းမထင်ဟပ်သည့် အမူအရာကြောင့် သူ့ကိုမြင်သမျှလူတိုင်းဟာ သူ၏စိတ်ခံစားချက်ကို နည်းနည်းမျှဖတ်နိုင်လိမ့်မည်မဟုတ်။ သို့သော် ဗလောင်ဆူနေသောရင်ဘတ်ထဲမှာတော့ဖြင့် သူ၏မတည်ငြိမ်ခြင်းများကို လှစ်ဟပြလျက်သား...။
သူ၏အတိတ်နေ့စွဲတစ်ထောင့်တစ်နေရာမှာ နေရာယူခဲ့သော ချစ်ဖို့ကောင်းသည့်ကလေးတစ်ယောက်သည် လင်းရိပ်မာန်ဖြစ်နေနိုင်သည်ဟူသော သံသယကိုအတည်ပြုရန် မျက်နှာချင်းဆိုင်ရှိ လင်းရိပ်မာန်၏အခန်းထဲကို ဝင်သွားချင်မိသည်။
ဝင်ဖို့အတွက်လည်း လင်းရိပ်မာန် သူ့ကိုပေးထားသော သော့ပိုတစ်ချောင်းရှိသည်။ သို့သော် သူသည် အခန်းရှေ့မှာသော့တစ်ချောင်းကိုင်ထားရင်း တုံ့ဆိုင်းစွာရပ်တန့်နေမိသည်။
ဤတံခါးချပ်ကိုကျော်လျှင် အမှန်တရားတစ်ခုကို ရှာတွေ့ကောင်းရှာတွေ့နိုင်လိမ့်မည်။ သို့ဖြစ်ရာ ထိုအမှန်တရားသည် သူထင်ထားခဲ့သလိုသာဖြစ်လာပါက သူခံစားနိုင်မည်မဟုတ်။
သို့သော် အမှန်တရားကိုသိချင်စိတ်ကလည်း ကြီးထွားနေပြန်လေရာ စိတ်ကိုအဆင်သင့်ပြင်၍ တံခါးကိုသော့ဖွင့်ကာ မှောင်မည်းနေသည့်အခန်းထဲကို စိတ်အားထက်သန်စွာတိုးဝင်သွားလိုက်သည်။
အခန်းထဲကိုရောက်ရောက်ချင်း ပထမဆုံးလုပ်သည့်အလုပ်မှာ အခန်းမီးဖွင့်ပြီး ပတ်ပတ်လည်ကိုစစ်ဆေးကြည့်ရှုခြင်းဖြစ်၏။
ဧည့်ခန်းနှင့်မီးဖိုချောင်ကတော့ ရှင်းလင်းနေပြီး သာမန်အသုံးအဆောင်များကလွဲလျှင် ထူးထူးခြားခြားမရှိ။ ထို့ကြောင့် အသာစေ့ပိတ်ထားသောအိပ်ခန်းထဲကို ဝင်လာခဲ့သောရဲရင့်သည် ဤအခန်းထဲမှ လင်းရိပ်မာန်၏အငွေ့အသက်ကို ရလိုရငြား မျှော်လင့်မိသေးသည်။
ESTÁS LEYENDO
I Found My Prince Charming (Season-3) [Completed]
Romanceသားရိုင်းကောင်လို အဆိုးအတေလေးတစ်ယောက်ကို ထိန်းကျောင်းနိုင်ဖို့အတွက်ဆိုရင် ကိုယ်တိုင်ကလည်း သူ့ထက်နှစ်ဆဆိုးသွမ်းနိုင်ရတယ်။ ရာဇဝင်တွင်လောက်တဲ့လူဆိုးနှစ်ယောက်ဖူးစာဆုံကြတဲ့အခါမှာတော့ အချစ်ကြမ်းကြမ်း၊ အနမ်းရိုင်းရိုင်းတွေသာ ဖြစ်တည်ပါသတဲ့။