Unicode Version
ယနေ့အဖို့ အပန်းဖြေစခန်းကို သွားရောက်စစ်ဆေးရမည်ဖြစ်ရာ ရဲရင့်လည်း မနက်စာစားပြီးသည်နှင့် ခါတိုင်းလိုအခန်းအောင်းမနေဘဲ အပြင်ကိုထွက်လာခဲ့ရသည်။ အရိုးစိမ့်အောင်ချမ်းသည့် ရာသီဥတုကြောင့် လမ်းမပေါ်မှာ အရင်ကလိုလမ်းလျှောက်ထွက်သူများရှိမနေ၍ လမ်းရှင်းနေသည်။ အအေးဆုံးဟုသရဖူဆောင်းလောက်သော ဒီဇင်ဘာလကိုကူးပြောင်းခါနီးမှာ အအေးဓာတ်သည် ယခုနှစ်အဖို့ပို၍သာ၍လွန်ကဲလျက်ရှိသည်။
ဟိုတယ်သို့ရောက်သည်နှင့် အလုပ်သမားများ၏အခြေအနေကို ဦးစွာစစ်ဆေးပြီး နောက်မှသာ အပန်းဖြေစခန်း၏နေရာအနှံ့ကို စစ်ဆေးကြည့်ရှုသည်။ ပြုပြင်ထိန်းသိမ်းရေးအပိုင်း၌ ဟာကွက်အနည်းငယ်ရှိသည့်နေရာများကို အထူးဂရုစိုက်စေရန် ညွှန်ကြားပြီး စာရင်းအင်းများဘက်ကို လှည့်ရသည်။
နေ့လယ်ပိုင်းအချိန်တွင် စာရင်းများနှင့်အလုပ်ရှုပ်နေသောသူ့ဆီသို့ ဖုန်းတစ်ကောဝင်လာသည်။ ရဲရင့်လည်း လက်ပ်တော့ထဲကိုခေါင်းစိုက်နေရာမှ ဖုန်းမြည်သံကိုကြားသည်နှင့် အိတ်ကပ်ထဲကဖုန်းကို ထုတ်ယူလိုက်သည်။
ခေါ်ဆိုသူသည် လင်းရိပ်မာန်သာ။ ထို့ကြောင့် ရဲရင့်လည်း လျစ်လျူရှုထားရန်ဆုံးဖြတ်လိုက်သည်။ သို့သော် လင်းရိပ်မာန်ကတော့ သူမကိုင်မချင်းခေါ်နေလေ၏။ အလုပ်ကိုအာရုံစိုက်ထားသော ရဲရင့်အတွက် အဆက်မပြတ်ထွက်ပေါ်နေသော ဖုန်းမြည်သံက အနှောင့်အယှက်အကြီးစားပင်။
"သေမလိုဖြစ်လို့ ဆက်တိုက်ခေါ်နေတာလား"
မကျေမချမ်းရေရွတ်ရင်း နားညည်းလောက်အောင် ဆူညံနေသောဖုန်းကို ပါဝါပိတ်ချလိုက်သည်။ ယခုလောလောဆယ် သူ့မှာ လင်းရိပ်မာန်ကို အရေးစိုက်ဖို့အချိန်မရှိပေ။
ဖုန်းပိတ်ထားလိုက်မှသာ ရဲရင့်လည်း အေးအေးလူလူအလုပ်ဆက်လုပ်နိုင်တော့သည်။ ထိုကောင်လေးသည် အခြေအနေနှင့်အချိန်အခါကို နားလည်ပါလျက်နှင့် တစ်ကိုယ်ကောင်းဆန်လွန်းသည်။
ရဲရင့်၏တိတ်ဆိတ်အေးချမ်းသော အချိန်အခါလေးသည် ကြာကြာမခံလိုက်ချေ။ မန်နေဂျာဖြစ်သူက သူ့ရုံးခန်းကိုရောက်ချလာပြီး ဂေါက်ကွင်း၌ ပြဿနာတက်နေပြီဖြစ်ကြောင်း လာပြောသောအခါ သူ့မှာ လုပ်လက်စများကို ချထားခဲ့ရုံသာတတ်နိုင်သည်။
ESTÁS LEYENDO
I Found My Prince Charming (Season-3) [Completed]
Romanceသားရိုင်းကောင်လို အဆိုးအတေလေးတစ်ယောက်ကို ထိန်းကျောင်းနိုင်ဖို့အတွက်ဆိုရင် ကိုယ်တိုင်ကလည်း သူ့ထက်နှစ်ဆဆိုးသွမ်းနိုင်ရတယ်။ ရာဇဝင်တွင်လောက်တဲ့လူဆိုးနှစ်ယောက်ဖူးစာဆုံကြတဲ့အခါမှာတော့ အချစ်ကြမ်းကြမ်း၊ အနမ်းရိုင်းရိုင်းတွေသာ ဖြစ်တည်ပါသတဲ့။