Part-33

2.3K 213 56
                                    

Unicode Version

နာရီသံတချက်ချက်သည် တိတ်ဆိတ်နေသောလေထုကို ဆက်တိုက်ဖြိုခွဲနေပေသည်။

ယခင်ရက်များကဆိုလျှင် ဤနာရီသံကိုကြားရဖို့ပင် လမ်းမမြင်ချေ။ အကြောင်းမှာ အနားတွင်တွတ်ထိုးနေတတ်သော လင်းရိပ်မာန်ရှိနေ၍ပင်။

ယခုမူ ထိုကောင်ငယ်လေး၏အငွေ့အသက်များက ဤအခန်းထဲမှာပျောက်ဆုံးနေလေ၏။

အချိန်ကား မနက်သုံးနာရီပင်ရှိချေပြီ။ ရဲရင့်ကတော့ ကောင်းမွန်စွာမအိပ်စက်နိုင်သေးဘဲ ဧည့်ခန်းထဲမှာထိုင်လျက် အတွေးနယ်လွန်နေမိတော့သည်။

ပြီးခဲ့သည့်သုံးရက်က လင်းရိပ်မာန် သူ့အတွက် သေချာပြင်ဆင်ပေးသောညစာကို သူမစားလိုက်နိုင်ပေ။ နိုနိုနှင့်ရိန်းကို အိမ်ပြန်ပို့ပေးသည့်အချိန်မှာ သူရနိုင်က လူစုပြီးညစာသွားစားဖို့စီစဥ်ခဲ့သည်။ ထိုနေ့က အားလုံးလည်းအားလပ်နေကြသည်မို့ သူ၏အစီအစဥ်ကအလုပ်ဖြစ်ခဲ့သည်။

ရဲရင့်လည်း အိမ်မှာကျန်ရစ်ခဲ့သည့်လင်းရိပ်မာန်ကို သတိရမိသည်။ သူငယ်ချင်းအုပ်စုလိုက်စုံကြချိန်မှာ သူတစ်ယောက်တည်းကွက်ပြီး ကျန်နေခဲ့မည်ဟုလည်း မပြောလိုက်နိုင်သောကြောင့် တစ်နာရီကျော်မျှ သူတို့နှင့်နေပေးပြီး အစောပြန်မည်ဟုစိတ်ကူးမိသည်။

ထို့ကြောင့် လင်းရိပ်မာန်ကိုဖုန်းဆက်၍ အသိပေးဖို့ပြင်ခိုက် သူရနိုင်က ခါတိုင်းလိုပင် "အိမ်မှာစောင့်နေမယ့်မဟေသီလေးလည်းမရှိဘဲနဲ့ကွာ"ဟုပြောကာ သူ့ကိုစနောက်ပြီး ဖုန်းကိုသိမ်းသွားသည်။

သူ့မှာ အကြောင်းပြစရာရှာမတွေ့တော့ပေ။ ညစာစားချိန်တစ်လျှောက်လုံးလည်း စိတ်မဖြောင့်နိုင်ဘဲ တစ်ချိန်လုံး နာရီကိုသာကြည့်နေမိသည်။

ဘဝမှာ ပထမဆုံးအနေဖြင့် ဤမိသားစုညစာစားပွဲ၌ အာရုံပျံ့လွင့်ဖူးခြင်းဖြစ်၏။

လင်းရိပ်မာန် သူ့ကိုစောင့်နေမည်ကို သူသိသည်။ ဖုန်းခေါ်နေလိမ့်မည်မှန်းလည်း သိ၏။ သူ ကတိပေးထားပြီးသားကိစ္စကို ယခုလိုဖြစ်သွားရသည့်အတွက်လည်း အပြစ်ရှိသလိုခံစားမိသည်။

I Found My Prince Charming (Season-3) [Completed]Donde viven las historias. Descúbrelo ahora