Unicode Version
မနက်စာကို အထူးတလှယ်မပြင်ဆင်ချင်သည့် ရဲရင့်အဖို့ Fast Foodမျိုးစုံရနိုင်သော ဤဆိုင်လေးသည် အလွန်တရာအဆင်ပြေလှသည်ဖြစ်ရာ မနက်တိုင်းလိုလိုရောက်လာဖြစ်သည်။ သူ့အိမ်ကို အလည်လာတတ်ကြသည့်လူတချို့ကလည်း ဤဆိုင်မှအရသာကို အလွန်ခံတွင်းတွေ့ကြသည်။ ထိုအထဲတွင် အဂ္ဂ၏အချစ်တော်လေး ဇေယျတုမှာ ထိပ်ဆုံးကပင်။
ထိုကောင်လေးမှာ ဆယ်တန်းအောင်ပြီးသည်နှင့် Art In Motionဟူသော Dance Schoolတွင် အကပညာကို ဆက်လက်လေ့လာနေလေရာ အသွားအပြန်လမ်းကြုံနေလေသောကြောင့် ရဲရင့်အိမ်မှာရှိသည့်အချိန်တိုင်း ဝင်လာတတ်ပြီး ထိုဆိုင်မှမုန့်ဝယ်ကျွေးရန် အားမနာပါးမနာတောင်းဆိုတတ်သည်။ ရဲရင့်ကလည်း ရှေ့တွင်သာ ကြည်ကြည်သာသာဝယ်ကျွေးဟန်ပြပြီး နောက်ကွယ်မှာတော့ အကြွေးစာရင်းမှတ်ထားပြီး အဂ္ဂထံမှ တိတ်တိတ်ပြန်တောင်းတတ်သည်။
ယခုလည်း ဇေယျတုသည် ဘားကိုမသွားခင် ရေချိုးပြင်ဆင်နေသောသူ့ကို ဖုန်းဆက်ပြီး အိမ်မှာရှိမရှိမေးသည်။ ထုံးစံအတိုင်း သူ့ကို ပီဇာဝယ်ကျွေးရန် တိုက်တွန်းနေခြင်းသာ။ ရဲရင့်လည်းငြင်းမနေဘဲ ဝယ်ပေးမည်ဖြစ်ကြောင်းပြန်ဖြေကာ အဂ္ဂ၏အကြွေးစာရင်းထဲကို ပီဇာဖိုးနှစ်ဆပေါင်းထည့်လိုက်ပြီး ဇေယျတုကို သူ့အိမ်နားရှိ ဆိုင်၌လာကြိုရန် မက်ဆေ့ချ်ပို့လိုက်သည်။
"မင်းကလေ မသုံးနိုင်မဖြုန်းနိုင်အောင် မွဲပြာကျနေတာလည်း မဟုတ်ဘဲနဲ့။ ငါ့ကို ဇွတ်ရောအတင်းရောမုန့်ဝယ်ကျွေးခိုင်းတာ တစ်ခါလည်းမဟုတ်၊ နှစ်ခါလည်းမဟုတ်"
ဆိုင်ထဲတွင်ဝင်ထိုင်ကာ ဇေယျတု စုံလင်နေအောင်မှာထားသောမုန့်များကို စောင့်နေစဥ် ရဲရင့်က သူ့ကို အပီအပြင်ဆုံးမမှာတမ်းခြွေနေသည်ကို ထိုသကောင့်သားလေးကတော့ နားပင်းချင်ယောင်ဆောင်ကာ တုတ်တုတ်မျှမလှုပ်။
"ဒီရက်ပိုင်း ကိုကို့ကိုစိတ်ဆိုးနေတာ"
"ပြီးရင် မင်းတို့လောက်သာယာနေကြတာလည်း မင်းတို့ပါပဲ"
ရဲရင့်သည် ဇေယျတု၏နောက်စေ့ကို အသာရိုက်ပုတ်ရင်း စနောက်လိုက်လေရာ ဇေယျတုမှာ သူ့ဆံပင်ပုံပျက်သွားမည်စိုး၍ အသည်းအသန်ရှောင်ဖယ်နေလေသည်။ သူတို့နှစ်ယောက်၏ တရင်းတနှီးဆက်ဆံပုံကို ကောင်တာရှိလူငယ်လေးမှာ အရိပ်တကြည့်ကြည့်နှင့် အကဲခတ်နေသည်ကို ရဲရင့်လည်း မျက်လုံးထောင့်မှအကုန်မြင်နေရသည်။
ESTÁS LEYENDO
I Found My Prince Charming (Season-3) [Completed]
Romanceသားရိုင်းကောင်လို အဆိုးအတေလေးတစ်ယောက်ကို ထိန်းကျောင်းနိုင်ဖို့အတွက်ဆိုရင် ကိုယ်တိုင်ကလည်း သူ့ထက်နှစ်ဆဆိုးသွမ်းနိုင်ရတယ်။ ရာဇဝင်တွင်လောက်တဲ့လူဆိုးနှစ်ယောက်ဖူးစာဆုံကြတဲ့အခါမှာတော့ အချစ်ကြမ်းကြမ်း၊ အနမ်းရိုင်းရိုင်းတွေသာ ဖြစ်တည်ပါသတဲ့။