ရဲရင့်မှာ လက်မခံချင်သောဧည့်သည်ကို အိမ်ထဲတွင်လက်ခံထားရပြီး တော်တော်နှင့်လည်း နှင်လွှတ်၍မရချေ။ ကလေးနှစ်ယောက်မှာ လင်းရိပ်မာန်ကို အလွန်သဘောကျနေပြီး မခွဲနိုင်မခွါရက်ဖြစ်နေကြ၏။
ထို့ကြောင့် နေ့လယ်စာစားချိန်မှာလည်း ကလေးနှစ်ယောက်နှင့်အတူ ရဲရင့်ရော လင်းရိပ်မာန်ပါ ယှဥ်တွဲ၍ စားသောက်ဖြစ်ကြသည်။ ရဲရင့်ကိုအသားယူရန် အမြဲတမ်းကျားချောင်းသလိုချောင်းနေတတ်သော လင်းရိပ်မာန်မှာ ထမင်းစားချိန်တွင်လည်း အလွတ်မပေးချေ။
ရဲရင့်က စားပွဲအလယ်တွင် တည်ခင်းထားသောဟင်းခွက်ကို လက်လှမ်းလိုက်လေတိုင်း သူကလည်း ဟင်းထည့်မည့်ဟန်ပြုကာ မတော်တဆလိုလိုနှင့် ရဲရင့်၏လက်ကို အမိအရလာကိုင်သည်။ ပထမတစ်ခါမှာတော့ ရဲရင့်လည်း အငိုက်မိသွားသဖြင့် ခံလိုက်ရသော်ငြား နောက်အကြိမ်များမှာတော့ သူက လင်းရိပ်မာန်ထက် ပိုသွက်သည်။
"စားစရာရှိတာ အေးအေးဆေးဆေးစားနော်"
နာမည်မတပ်ဘဲ မာန်မဲနေသောရဲရင့်ကြောင့် လင်းရိပ်မာန်ကတော့ သူ့ကိုပြောမှန်းသိသော်လည်း ကလေးနှစ်ယောက်ကတော့ မသိရှာပေ။
"သားတို့ အေးဆေးစားနေတာလေ"
"ဒါဆိုလည်း ဆက်စားကြ"
ရဲရင့်လည်း စကားအပိုထပ်ပြောမနေတော့ဘဲ တိတ်ဆိတ်နေလိုက်သည်။ လင်းရိပ်မာန်ကတော့ သူ၏ဆူပူကြိမ်းမောင်းသံကိုပင် သဘောကျလွန်းသဖြင့် ခပ်ကြိတ်ကြိတ်ရယ်မောနေပေသည်။ မျက်ဝန်းတို့ကမူ ချစ်ရိပ်ချစ်ငွေ့များဝေဆာလျက်သာ။
မျောက်လောင်းသုံးကောင်သည် ညနေပိုင်းရောက်သည်အထိ သူ့အိမ်ထဲတွင် ဂိမ်းဆော့လိုက်၊ စားလိုက်သောက်လိုက်နှင့် စည်းစိမ်ခံစားနေကြလေသည်။ သူ့မှာသာ ဟိုပြေးလိုက်ရ၊ သည်ပြေးလိုက်ရနှင့် အလုပ်ရှုပ်နေရ၏။
သူရနိုင်ထံမှ ကလေးနှစ်ယောက်ကိုလာခေါ်တော့မည်ဖြစ်ကြောင်း ဖုန်းဝင်လာသောအခါမှာမူ ရဲရင့်သည် အရှုပ်ထုပ်များ ရှင်းတော့မည်ဖြစ်၍ စိတ်သက်သာရာရသွားတော့သည်။
"ကလေးတွေကို သူ့အဖေလာခေါ်တော့မှာ။ မင်း ပြန်လိုက်တော့"
ကလေးနှစ်ယောက်နှင့် ပုံဆွဲနေသောလင်းရိပ်မာန်ရှေ့၌ မတ်မတ်ရပ်ကာ ရဲရင့်ပြောလိုက်သည်။ ထိုအခါ လင်းရိပ်မာန်က ပန်းချီစာရွက်ကို အာရုံစိုက်ထားရာမှ ရဲရင့်ကိုမော့ကြည့်လာလေသည်။
ESTÁS LEYENDO
I Found My Prince Charming (Season-3) [Completed]
Romanceသားရိုင်းကောင်လို အဆိုးအတေလေးတစ်ယောက်ကို ထိန်းကျောင်းနိုင်ဖို့အတွက်ဆိုရင် ကိုယ်တိုင်ကလည်း သူ့ထက်နှစ်ဆဆိုးသွမ်းနိုင်ရတယ်။ ရာဇဝင်တွင်လောက်တဲ့လူဆိုးနှစ်ယောက်ဖူးစာဆုံကြတဲ့အခါမှာတော့ အချစ်ကြမ်းကြမ်း၊ အနမ်းရိုင်းရိုင်းတွေသာ ဖြစ်တည်ပါသတဲ့။