Unicode Version
လင်းရိပ်မာန်ဟာ လောကကြီးအားစိတ်ကုန်နေသောအမူအရာဖြင့် ကားပြတင်း၏တစ်ဖက်မှလူကို စိုက်ကြည့်နေမိသည်။
သူသည် ကလပ်မှာရှိနေစဥ်က ယိမ်းလက်ယာ၏ရန်စခြင်းကို ခံခဲ့ရသည်။ မသိကျိုးကျွံပြု၍ လှည့်ထွက်ရန်ကြံစည်သော်ငြား ယိမ်းလက်ယာက သူ၏အရေးမစိုက်ဟန်အမူအရာကို အခဲမကျေဟန်ဖြင့် သူ့အနောက်ကကပ်လိုက်လာပြီးသည့်နောက် ကလပ်အပြင်ဘက်မှာ နှစ်ယောက်သားစကားများကြပြန်သည်။
အစပိုင်းမှာ သူက ယိမ်းလက်ယာ၏စကားများကို အရေးမလုပ်သော်ငြား ယိမ်းလက်ယာက သူ့ကိုအထိနာစေမည့်စကားတို့ကို ရွေးချယ်နိုင်ခဲ့သည့်အခါ သူ့မှာ ထိုစကားများကြောင့် မနေနိုင်မထိုင်နိုင်ဒေါသထွက်မိပြန်၏။
အိမ်သို့အပြန် ကားမောင်းနေသည့်တစ်လျှောက်လုံးမှာလည်း ဒေါသမဖြေနိုင်ဘဲရှိရာ ထွက်သမျှဒေါသအရှိန်သည် ကားကို တရကြမ်းမောင်းနှင်ပစ်ရန်သာ အာရုံရခဲ့သည်။ ယိမ်းလက်ယာပြောသောစကားများသည် သူ့ခေါင်းထဲတွင် ပျားကောင်များသဖွယ်အုံခဲနေပြီး လွယ်လင့်တကူလည်း မောင်းထုတ်၍မရချေ။
စိတ်ရှုပ်ရခြင်းများသည် လင်းရိပ်မာန်အား သတိလက်လွတ်ဖြစ်စေပြီး ဒေါသကြောင့် အရှိန်ပြင်းစွာမောင်းနေမိသော ကားသည်လည်း ပြဿနာတောထဲကို လျောလျောရှူရှူခုန်ဆင်းသွားလေသည်။
ညဘက်မို့ ကားရှင်းနေသည်ကိုအခွင့်ကောင်းယူ၍ မီးနီကိုပင်ဖြတ်မောင်းလာခဲ့သည့်လင်းရိပ်မာန်သည် လမ်းဖြတ်ကူးနေသောတစ်စုံတစ်ယောက်ကို ဝင်တိုက်လုနီးပါးဖြစ်သွားခဲ့သည်။ သူလည်း အလွန်ထိတ်လန့်သွားပြီး ကားကို လမ်းဘေးမှာထိုးရပ်ကာ တစ်ဖက်လူအဆင်ပြေမပြေကြည့်ဖို့ ကားပေါ်ကဆင်းရန်ပြင်လိုက်သည်။
သို့သော် သူဘာမှမလုပ်နိုင်ခင်မှာပင် ပိတ်ထားသောကားမှန်ပေါ်ကို လက်ဖဝါးတစ်ဖက်က ကြမ်းတမ်းစွာရိုက်ပုတ်လိုက်သည်ကို မြင်လိုက်ရသည့်နောက် အစကတည်းကကြည်လင်မနေသောသူ့စိတ်ဟာ ပို၍ပင်နောက်ကျိသွားရသည်။
"ကားကိုလူလိုမမောင်းနိုင်ဘူးလား။ မင်းကြောင့် တစ်ယောက်ယောက်ထိခိုက်မိရင် မင်းအသက်နဲ့ပြန်လဲပေးဖို့တောင် တန်မှာမဟုတ်ဘူး။ ဟေ့ကောင် ဆင်းခဲ့စမ်း"
VOUS LISEZ
I Found My Prince Charming (Season-3) [Completed]
Roman d'amourသားရိုင်းကောင်လို အဆိုးအတေလေးတစ်ယောက်ကို ထိန်းကျောင်းနိုင်ဖို့အတွက်ဆိုရင် ကိုယ်တိုင်ကလည်း သူ့ထက်နှစ်ဆဆိုးသွမ်းနိုင်ရတယ်။ ရာဇဝင်တွင်လောက်တဲ့လူဆိုးနှစ်ယောက်ဖူးစာဆုံကြတဲ့အခါမှာတော့ အချစ်ကြမ်းကြမ်း၊ အနမ်းရိုင်းရိုင်းတွေသာ ဖြစ်တည်ပါသတဲ့။