Part-40

2.4K 190 30
                                    

Unicode Version

မီးရောင်စုံအောက်ဝယ် တွန့်လိမ်ကောက်ကွေးကာ မြူးထူးကခုန်နေကြပါသောလူပင်လယ်ကြီးကိုငေးကြည့်ရင်း လင်းရိပ်မာန်တစ်ယောက် အတွေးအာရုံပျံ့လွင့်နေရှာသည်။

ရဲရင့်ဆီကထွက်လာကတည်းက ဟိုဟိုသည်သည်အချိန်ဖြုန်းပြီးနောက် မှောင်ရီသမ်းလာချိန်မှာတော့ ယခင်က သူလာနေကျဖြစ်သည့်ဤကလပ်ကို ရောက်လာခဲ့ခြင်းပင်။ ပုံမှန်ဆိုလျှင် ဤနေရာကိုရောက်တိုင်း သူ့အနားမှာ မိန်းမများရော ယောကျ်ားများပါ ဝိုင်းနေတတ်သော်လည်း ယခုအခေါက်ကတော့ဖြင့် တစ်ခုခုလုပ်ဖို့ သူစိတ်မပါပေ။

ဆူဆူညံညံအသံများအကြား တစ်ကိုယ်တည်းအထီးကျန်နေရင်း ရဲရင့်လှမ်းခေါ်မည့်အချိန်ကိုသာ မျှော်လင့်တကြီးစောင့်စားနေမိသည်။

ဖုန်းကိုတကြည့်ကြည့်လုပ်ရင်း ပတ်ဝန်းကျင်နှင့်အဆက်အသွယ်ပြတ်နေသော သူ့အနားကို လူသုံးယောက်ချဥ်းကပ်လာချိန်မှာ ပျင်းရိနေသော သူ၏စိတ်အစဥ်မှာ ပို၍ပင်ပျင်းဖို့ကောင်းသွားရတော့သည်။

ထိုသုံးယောက်ကတော့ သူနှင့်အမြင်မတူဟန်ပင်။ အလွန်တရာစိတ်ဝင်တစားဖြစ်နေသော အကြည့်များဖြင့် သူ့အား စိုက်ကြည့်နေကြသည်။

"မတွေ့ရတာတောင်ကြာပြီနော်"

နေရာဟောင်းကိုရောက်လျှင် မိတ်ဆွေဟောင်းများနှင့်ကြုံကြိုက်တတ်သည့်သဘောကို သူမေ့နေခဲ့သည်။ မိတ်ဆွေဟောင်းတစ်ဖြစ်လည်း သူ့အချစ်ကလေးကို ကြိတ်ခိုက်ခဲ့သောမြတ်သူနှင့် သူ၏နောက်လိုက်နှစ်ကောင်ကို ထီမထင်ဟန်စိုက်ကြည့်ရင်း ခနဲ့တဲ့တဲ့ပြုံးမိသည်။

စည်သူဖြိုးနှင့်အာကာကျော်ကလည်း သူ့ကိုမကျော်လျှင်တောင် သူ့ထက်မလျော့သော လှောင်ပြုံးမျိုးဖြင့် သူ့အားလှောင်ရယ်လေ၏။

"အခုတော့လည်း တစ်ယောက်တည်းပြန်ဖြစ်နေပါ့လား။ မဟုတ်မှလွဲရော အဲ့ဒီလူဆီက ကန်ထုတ်ခံလိုက်ရတာများလား"

ထိုစကားကြောင့် လင်းရိပ်မာန်က ဟာသတစ်ပုဒ်ကိုကြားလိုက်ရသလို အူလှိုက်သည်းလှိုက်ရယ်ချပစ်လိုက်သည်။ သူ့ရယ်သံကြောင့် တစ်ဖက်လူများ မခံချိမခံသာဖြစ်သည်အထိလုပ်ပြီးမှ အရယ်ရပ်လိုက်ပြီး လျော့တိလျော့ရဲပြုံးပြလိုက်သည်။

I Found My Prince Charming (Season-3) [Completed]Dove le storie prendono vita. Scoprilo ora