Unicode Version
ကလေးတွေ မနက်စာမစားခင်မှာ အလှူရှင်တစ်ဖြစ်လည်း ရဲရင့်က အချိန်မီရောက်လာပြီးနောက် ကူညီပေးချင်သည်ဟုဆိုကာ မီးဖိုချောင်တာဝန်ယူထားသော အဖွဲ့နားကိုရောက်ချလာသည်။ တစ်နည်းအားဖြင့်ဆိုရလျှင် လင်းရိပ်မာန်ရှိနေသည့်နေရာသာ..။
သူ၏ကူညီမှုကလည်း တစ်နေရာတည်းအပေါ် ရွာချသော ကွက်ကြားမိုးသာသာ။ ထိုင်ခုံများအသယ်အပို့လုပ်ကြရချိန်မှာ အခြားလူများကိုကျော်၍ လင်းရိပ်မာန်ဆီကိုသာရောက်ချလာပြီး ကိုင်ထားသမျှခုံများကို အပြုံးတစ်ပွင့်ဖြင့် ဆွဲလုသွားသည်။
မီးဖိုချောင်ထဲမှပန်းကန်များကို ထမင်းစားပွဲဆီကို သယ်ပို့ကြရသည့်အချိန်မှာလည်း လင်းရိပ်မာန်ဆီကိုသာ တည့်တည့်ရောက်ချလာပြီး သူ့လက်ထဲကပန်းကန်များကိုဆွဲယူသွားပြန်သည်။
လင်းရိပ်မာန်မှာ တစ်ခုခုလုပ်မည်ကြံလိုက်သည်နှင့် သူ့အလုပ်ကို ရဲရင့်က အခေါက်တိုင်းလုယူသွားသဖြင့် လုပ်စရာမရှိဘဲ ကြောင်အမ်းအမ်းသာဖြစ်နေခဲ့ရသည့်အဆုံး ဘာမှလုပ်မနေတော့ဘဲ ဘေးနားမှာအသာကပ်၍ သူ့အလုပ်မှန်သမျှကို လုယူနေသည့်ရဲရင့်ကိုသာ မကျေနပ်စွာစိုက်ကြည့်နေလေတော့သည်။
ရဲရင့်ကတော့ သူ့တုံ့ပြန်ပုံကြောင့် သဘောကျသွားဟန်ဖြင့် ပြုံးရုံသာပြုံးပြသော်လည်း ကွယ်ရာမှာတော့ ခိုးခိုးခစ်ခစ်ရယ်နေကြောင်း လင်းရိပ်မာန်ခံစားမိသည်။
"သူ ဘာဖြစ်နေတာလဲ"
မည်သို့ပင်ဖြစ်စေ ရဲရင့်၏ ဤသို့သောအပြုအမူများသည် သူ့စိတ်ကို ကျေနပ်နှစ်ခြိုက်စေသည်။ တစ်သက်နှင့်တစ်ကိုယ် အများတကာနှင့်ရောရောနှောနှောမနေတတ်ခဲ့သူက ယခုတော့ဖြင့် သူ့အတွက်နှင့် သည်လိုအလုပ်မျိုးကိုပါ ကူနေရသတဲ့လား။
တစ်ယောက်တည်း အတွေးပင်လယ်ထဲနစ်မြောနေခိုက် မတိုင်မီကအထိ အလုပ်များနေသောရဲရင့်က ယခုတော့ လုပ်အားပေးရန်လာကြသော အမျိုးသမီးငယ်နှစ်ဦး၏ဝန်းရံခြင်းကိုခံနေရကြောင်း မြင်လိုက်ရသည်။
မိန်းကလေးနှစ်ဦးမှာ ဆယ်ကျော်သက်အရွယ်လေးမျှသာဖြစ်သဖြင့် သူတို့သည် အကြောက်အလန့်မရှိဘဲ သူစိမ်းယောကျ်ားလေးတစ်ယောက်ကို တက်တက်ကြွကြွစကားလာပြောနေကြခြင်းပင်။ ရဲရင့်ကိုကြည့်သော သူ(မ)တို့၏မျက်ဝန်းများဟာ ရွှန်းလဲ့တောက်ပနေလိုက်သည်မှာများ ထိုမျက်လုံးထဲမှာ ကြယ်စင်ပေါင်းတစ်ထောင် ခိုအောင်းနေသလိုပင်။
STAI LEGGENDO
I Found My Prince Charming (Season-3) [Completed]
Storie d'amoreသားရိုင်းကောင်လို အဆိုးအတေလေးတစ်ယောက်ကို ထိန်းကျောင်းနိုင်ဖို့အတွက်ဆိုရင် ကိုယ်တိုင်ကလည်း သူ့ထက်နှစ်ဆဆိုးသွမ်းနိုင်ရတယ်။ ရာဇဝင်တွင်လောက်တဲ့လူဆိုးနှစ်ယောက်ဖူးစာဆုံကြတဲ့အခါမှာတော့ အချစ်ကြမ်းကြမ်း၊ အနမ်းရိုင်းရိုင်းတွေသာ ဖြစ်တည်ပါသတဲ့။