Part-23

2.1K 179 32
                                    

Unicode Version

လင်းရိပ်မာန်ခမျာ ယနေ့အဖို့ ရဲရင့်အနားမှာကပ်နေခွင့်မရဘဲ အိမ်မှာခြေချုပ်မိနေလေသည်။ အကြောင်းမှာ မနက်အစောပိုင်းက သားအဖနှစ်ယောက် စကားများရန်ဖြစ်ကြရင်း လင်းရိပ်မာန်၏အဖေက ဒေါသထွက်ကာ ရိုက်နှက်ဆုံးမသည်အထိ ကိစ္စကြီးသွားခဲ့၍ပင်။

နှစ်ယောက်သားရုတ်ရင်းဆန်ခတ်ဖြစ်နေကြချိန်မှာ စိုးရိမ်တကြီးဝင်တားသောသူ့အမေလည်း မည်သူ၏လက်ချက်ကြောင့်လည်းမသိလိုက်ဘဲ အရိုက်ခံလိုက်ရသည်။ ပြင်းထန်သောရိုက်ချက်ကြောင့် မူးဝေကာ အနောက်သို့လန်ကျသွားပြီးနောက် နောက်စေ့နှင့်လှေကားလက်ရန်းကို ပြင်းထန်စွာရိုက်မိလေသည်။

ဒဏ်ရာကမပြင်းထန်သော်ငြား အဆင်ပြေလှသည်လည်းမဟုတ်။ သူ(မ)ဒဏ်ရာရသွားသည်ကိုမြင်သည်နှင့် လင်းရိပ်မာန်၏အဖေက ပို၍ဒေါသထွက်သွားရသည်။ သို့သော် လင်းရိပ်မာန်နှင့်ရန်မဖြစ်အားတော့ဘဲ ဆရာဝန်ကိုသာမြန်မြန်ပင့်ရသည်။ လင်းရိပ်မာန်အနေနှင့် မည်မျှမုန်းမုန်း တစ်ဖက်ကသူ့အမေဖြစ်နေသေးသောကြောင့် ဆရာဝန်ကိုသွားခေါ်ပေးသည်။

နောက်စေ့ပေါက်သွားရုံမှလွဲ၍ ကြီးကြီးမားမားဒဏ်ရာမရသောကြောင့် ဆရာဝန်က ဆေးထည့်၍ပတ်တီးပါစည်းပေးပြီးသည်နှင့် ဆေးတချို့ပေးကာပြန်သွားခဲ့သည်။ ထိုအခါမှသာ လင်းရိပ်မာန်လည်း ရဲရင့်ဆီကို ချီတက်တော့မည်ဟုတွေးကာ ခြေလှမ်းပြင်လိုက်စဥ်မှာပင် သူ့အဖေက ထိပ်ကပိတ်တားလေ၏။

"မင်း ဒီနေ့ အိမ်ထဲကနေ ခြေတစ်လှမ်းတောင်ထွက်ဖို့မကြိုးစားနဲ့"

ပြောပြောဆိုဆိုဖြင့် လင်းရိပ်မာန်ကို သူ၏ကိုယ်ပိုင်အခန်းထဲမှာ သော့ပိတ်ထားလေတော့သည်။ လင်းရိပ်မာန်ကတော့ သူ့အဖေ၏လုပ်ရပ်များကို အံကိုတင်းတင်းကြိတ်ထားပြီး မျက်ထောင့်နီဖြင့်သာစိုက်ကြည့်နေသည်။

"ကျွန်တော့်ခြေလှမ်းတွေကို ဘယ်သူမှမတားနိုင်ဘူး။ ရမယ်ထင်ရင် စမ်းကြည့်ပေါ့"

တစ်ကိုယ်တည်းကြုံးဝါးလိုက်ရင်း ဝရန်တာဘက်ကိုထွက်လိုက်သည်။ ဝရန်တာ၏အမြင့်ကြောင့် သူ့အနေနှင့် လွယ်လင့်တကူခုန်ချ၍မရပေ။ ထို့ကြောင့် ဝရန်တာမှတစ်ဆင့် ရေစင်ဘက်သို့ခဲရာခဲဆစ်တွယ်တက်ကာ ရေစင်ကြီးကိုအထောက်အကူပြုရင်း ဆင်းလာခဲ့လိုက်သည်။

I Found My Prince Charming (Season-3) [Completed]Dove le storie prendono vita. Scoprilo ora