Unicode Version
မနက်ခင်းသုံးနာရီခန့်မှာ လင်းရိပ်မာန်သည် သူ့အနားမှ ခြေသံဖွဖွဖြတ်လျှောက်သောအသံကို ကြားလိုက်မိသဖြင့် အိပ်နေရာမှ ဆတ်ခနဲလန့်နိုးလာလေသည်။ ဧည့်ခန်းမီးများမှိတ်ထားသဖြင့် မှောင်အတိကျနေသော နေရာလေးမှာ အရိပ်တစ်ခုသည် အိပ်ခန်းဆီမှ ထမင်းစားခန်းဘက်ကို ကူးရန်ရွေ့လျားနေသည်ကို မြင်လိုက်ရသည်။
"ခင်ဗျား ဘာလိုချင်လို့လဲ"
ရွေ့လျားနေသော အရိပ်သည် သူ၏စကားသံကိုကြားသော် တုံ့ခနဲရပ်တန့်သွားသည်။ ထို့နောက် အဖျားရှိန်ကြောင့် အက်ရှနေသော အသံတစ်ခုသည် လင်းရိပ်မာန်၏အကြားအာရုံထဲသို့ တိုးဝင်လာလေသည်။
"ငါ မင်းကိုနှိုးလိုက်မိတာလား"
"ခင်ဗျားအသံက ထူးဆန်းနေတယ်။ လည်ချောင်းနာနေတာလား"
"ထင်တာပဲ"
"ဒါဆို ရေအေးတွေမသောက်နဲ့။ ကျွန်တော်လုပ်ပေးမယ်"
လင်းရိပ်မာန်လည်း ဧည့်ခန်းမီးကိုထဖွင့်ပြီး ရဲရင့်အတွက် ရေနွေးနွေးလေးတစ်ခွက်ကို လုပ်ပေးဖြစ်သည်။ ရဲရင့်ကတော့ သူလုပ်နေသမျှကို ကောင်းသည်ဆိုးသည်မဝေဖန်ဘဲ အသာငြိမ်၍ စောင့်ပေးရှာသည်။
"ရော့ ရပြီ"
မတိုင်မီက လင်းရိပ်မာန်အိပ်နေသော ဆိုဖာပေါ်တွင်ထိုင်ကာ သူကမ်းပေးသောရေခွက်ကို လှမ်းယူနေသောရဲရင့်ကို တစ်ချက်မျှအကဲခတ်မိသည်။ အဖျားရှိန်ကြောင့် နီမြန်းနေသော မျက်နှာသည် တည်တင်းနေတတ်သော ပုံမှန်အချိန်များထက် ပို၍ပျော့ပျောင်းနေဟန်ရှိသဖြင့် လင်းရိပ်မာန်၏အမြင်တွင် ချစ်စဖွယ်လေးဖြစ်နေ၏။
လည်ပင်းတစ်ခုလုံး အလုံဖုံးထားရုံသာမက မေးစေ့ပင်ပျောက်လုနီးပါးဖြစ်အောင် နေရာယူထားသော အဖြူရောင်ခေါင်းစွပ်ဆွယ်တာကြောင့် ယခုမှ ဥထဲမှပေါက်လာခါစ ကြက်ပေါက်လေးနှယ် အသည်းယားဖွယ်ကောင်းနေလေသည်။
"အကြည့်လွှဲသင့်နေပြီထင်တယ်နော်"
ရဲရင့်၏ ခပ်ဆတ်ဆတ်မာန်မဲသံကိုကြားမှ လင်းရိပ်မာန် ငေးမောနေမိရာမှ အသိပြန်ဝင်တော့သည်။ သို့သော်လည်း မထုံတတ်တေးပုံစံဖမ်းကာ မေးထောက်၍ပင် ငေးနေလိုက်သေးသည်။ သူ ယခုလိုပြုမူလျှင် ပြန်တုံ့ပြန်တတ်သည့် ရဲရင့်၏ဘောက်ဆတ်ဆတ်အမူအရာလေးကို သူအလွန်သဘောကျသည်။
YOU ARE READING
I Found My Prince Charming (Season-3) [Completed]
Romanceသားရိုင်းကောင်လို အဆိုးအတေလေးတစ်ယောက်ကို ထိန်းကျောင်းနိုင်ဖို့အတွက်ဆိုရင် ကိုယ်တိုင်ကလည်း သူ့ထက်နှစ်ဆဆိုးသွမ်းနိုင်ရတယ်။ ရာဇဝင်တွင်လောက်တဲ့လူဆိုးနှစ်ယောက်ဖူးစာဆုံကြတဲ့အခါမှာတော့ အချစ်ကြမ်းကြမ်း၊ အနမ်းရိုင်းရိုင်းတွေသာ ဖြစ်တည်ပါသတဲ့။