Part-39

2.2K 191 21
                                    

Unicode Version

ပုံမှန်ဆိုလျှင် ဧည့်သည်အခန်းမှာသာအိပ်ဖြစ်သော လင်းရိပ်မာန်ဟာ အပျော်လွန်ပြီး အမူးသောက်ခဲ့သည်ကိုအခွင့်ကောင်းယူ၍ အချွဲကောင်းမှုကြောင့် ပြီးခဲ့သည့်ညက ရဲရင့်၏အိပ်ခန်းထဲမှာ အိပ်ခွင့်ရခဲ့သည်။

ဆက်ဆံရေးတိုးတက်လာသည်နှင့်အမျှ မျက်နှာချင်းဆိုင်ရှိ လင်းရိပ်မာန်ဌားထားသောအခန်းလေးခမျာ တစ်ရက်ထက်တစ်ရက် အထီးကျန်သည်ထက် ကျန်လာရှာတော့သည်။

လင်းရိပ်မာန်အဖို့တော့ နေ့ရက်တိုင်းဟာ အိပ်မက်တမျှကောင်းမွန်သာယာလွန်းလှသည်။ တစ်ချိန်က ရဲရင့်ကို ငေးကြည့်နေရုံသာတတ်နိုင်ခဲ့သော သူဟာ ယခုတော့ဖြင့် ထိုသူ၏နံဘေးမှာ ရှိနေခွင့်ရလေပြီ။

ဤပျော်ရွှင်မှုလေးကြောင့် သူ မည်မျှကျေနပ်နှစ်ခြိုက်ရသလဲဆိုသည်ကို ထုတ်မပြောဖူးသော်လည်း ရင်ထဲမှာတော့ ထိုခံစားချက်များပြည့်သိပ်လျက်သာ..။

"နိုးပြီလား "

မျက်လုံးမဖွင့်သေးဘဲ အိပ်ရာထက်မှာ တလူးလူးတလွန့်လွန့်လုပ်နေသောကြောင့် ရဲရင့်က သူ့အား အိပ်ချင်ယောင်ဆောင်နေခွင့်မပေးတော့ချေ။ နိုးမနိုးမေးမြန်းနေရင်း သူ့နှာခေါင်းကိုလည်း လာညှစ်သေးသဖြင့် သူ့မှာ လက်ကျန်အိပ်ချင်စိတ်လေးပင် ကြက်ပျောက်ငှက်ပျောက်။

“နိုးပြီ။ နိုးပြီ.. အဲ့လိုမလုပ်နဲ့တော့"

"နိုးရင်လည်းထတော့။ တစ်ညလုံး မင်း ကိုယ့်လက်မောင်းပေါ် ခေါင်းတင်ပြီးအိပ်နေလို့ တအားကျဉ်နေပြီ”

ရဲရင့်၏စကားကြောင့် လင်းရိပ်မာန်မှာ မို့ဖောင်းနေသောမျက်လုံးအစုံကို အတင်းတွန်းတင်ရင်း စစ်ဆေးကြည့်လိုက်ရာ အမှန်တကယ်ပင် သူက ရဲရင့်လက်မောင်းပေါ်မှာ အားပါးတရဖိအိပ်နေခြင်းပင်။

"ဆောရီး.. ဆောရီး။ ဘယ်အချိန်က အဲ့လိုခုအိပ်မိလဲမသိဘူး။ အဆင်ပြေလား။ တော်တော်ကျဉ်နေမှာပဲ။ ကျွန်တော့်ကို တွန်းဖယ်လိုက်တာတော့မဟုတ်ဘူး”

လှဲနေရာမှ အတင်းကုန်းရုန်းထကာ ထုံကျဉ်နေရှာမည့် ရဲရင့်၏ လက်မောင်းတစ်ဖက်ကို သက်သာလိုသက်သာငြား ဆုပ်နယ်ကာနှိပ်ပေးနေမိသည်။ ရဲရင့်ကတော့ မလှုပ်မယှက်နှင့်ခပ်ပြုံးပြုံးသာ။

I Found My Prince Charming (Season-3) [Completed]Where stories live. Discover now