Part-16

2.2K 198 43
                                    

Unicode Version

ကောင်းကင်ယံ၌ အမှောင်ထုကြီးစိုးလာချိန်မှာ တိုက်ခန်းတစ်ခုအတွင်း၌ အပြင်ဘက်ရှိရာသီဥတုနှင့် လိုက်ဖက်ညီသော အေးစက်ပြီး ကျောချမ်းဖွယ်ကောင်းသည့်အငွေ့အသက်များ ကိန်းအောင်းနေလေသည်။

ရုတ်တရက်ဆင့်ခေါ်ခံရမှုကြောင့် ပျော်ရွှင်တက်ကြွစိတ်အပြည့်ဖြင့် ရဲရင့်ရှိရာသို့အပြေးလာခဲ့သော လင်းရိပ်မာန်မှာ တံခါးမှဖြတ်၍ အတွင်းသို့ခြေချလိုက်ချိန်မှာပင် အဆမတန်ပြင်းထန်လွန်းသောအင်အားတစ်ခုက သူ၏မျက်နှာပေါ်သို့ သက်ဆင်းလာသည်ကို ခံစားလိုက်ရသည်။

ထင်မထားသော လက်သီးချက်ကြောင့် ရှောင်တိမ်းရန်လည်း အခွင့်မသာလိုက်သောလင်းရိပ်မာန်ခမျာ ခန္ဓာကိုယ်တစ်ခုလုံးချာခနဲလည်သွားပြီး ကြမ်းပြင်ပေါ်သို့ပုံခနဲလဲကျသွားရသည်။

သူသည် ထိုအနေအထားအတိုင်း ပြန်မထလာသေးဘဲ ကြမ်းပြင်ပေါ်တွင်လက်ထောက်ကာ ကြမ်းခင်းကြီးကိုသာ ငူငူငိုင်ငိုင်နှင့်ငေးနေမိသည်။ နှုတ်ခမ်းနှစ်လွှာမှာ မတိုင်မီကလက်သီးချက်ကြောင့် ဖွင့်ဟလိုက်ရန်ပင် ခက်ခဲလွန်းစွာ နာကျင်နေရသည်။

"ခင်ဗျားဒေါသတွေ ကျွန်တော့်အပေါ်ပုံချပြန်ပြီ"

ပွန်းပဲ့သွားသောနှုတ်ခမ်းထောင့်ကို လက်ဖမိုးနှင့်ဖိသုတ်လိုက်လေရာ ပူနွေးသောသွေးရည်ကြည်တို့ကလည်း လက်ခုံပေါ်၌ ရဲရဲတောက်စွန်းထင်းသည်။

"မင်း!! တော်တော်မျက်နှာပြောင်တိုက်နိုင်တာပဲ"

"ပြောထားသားပဲ။ ကျွန်တော့်လိုလူမျိုးဆီက အရှက်တရားဆိုတာကို ဘာလို့မျှော်လင့်နေသေးတာလဲ"

ခပ်ထေ့ထေ့လှောင်ရယ်ရင်း ကြမ်းပြင်ပေါ်မှကုန်းထလာသူကို ရဲရင့်တစ်ယောက် သည်းမခံနိုင်စွာစိုက်ကြည့်ရင်း မကွယ်ဝှက်သောဒေါသတို့မှာလည်း လက်သီးဆုပ်၌အထင်းသားပေါ်လွင်၏။ ထိုသူသည် အရှက်မဲ့ရုံသာမက ပိုင်စိုးပိုင်နင်းလည်းနိုင်လှသည်။

"ဒီတော့ ခင်ဗျားသိသွားပြီပေါ့"

နံရံကိုမှီတွယ်လိုက်ရင်း လက်ပိုက်လျက် မေးခွန်းထုတ်လာသူကို စိတ်ရှိတိုင်းသာဆိုလျှင် သတိလစ်မေ့မြောသည်အထိရိုက်နှက်ကာ အိမ်အပြင်သို့ ကန်ထုတ်လိုက်ချင်သည်။ သို့သော် အပြတ်ဖြတ်ပစ်မှရမည့်အကြောင်းအရာတို့သည် သူ့အား ထိုသို့လုပ်ခွင့်မပေးသေးချေ။

I Found My Prince Charming (Season-3) [Completed]Where stories live. Discover now