Part-34

2.3K 198 20
                                    

Unicode Version

တံခါးရှေ့မှာအကြာကြီးရပ်နေပြီးနောက် ပါလာသော သော့အပိုနှင့် တံခါးကိုဖွင့်လိုက်သည်။ ကျွီခနဲမြည်သံနှင့်အတူ အမှောင်ထုက သူ၏အမြင်အာရုံကို အလုံးလိုက်အရင်းလိုက်တွန်းတိုက်လေသည်။ လင်းရိပ်မာန်လည်း မျက်လုံးအစုံက အမှောင်ထုနှင့်အသားမကျနိုင်သလိုဖြစ်နေလေရာ မျက်လုံးကိုမှေးကျဥ်းထားရင်း ဧည့်ခန်းမီးကိုဖွင့်မည်အပြု ဧည့်ခန်းအလယ်ရှိဆိုဖာပေါ်တွင် လှုပ်ရှားမှုတစ်ခု ရိပ်ခနဲထွက်ပေါ်လာသည်ကို သတိပြုမိလိုက်သည်။

အကြည့်ကိုဆိုဖာဆီကိုပို့ထားရင်း လက်ကလည်း မီးခလုတ်ကိုနှိပ်လိုက်ချိန်မှာ အမှောင်ထဲ၌ သူ ဝိုးတဝါးမြင်နေခဲ့ရသည့်အရိပ်က ရဲရင့်သာဖြစ်ကြောင်းသိလိုက်ရသည်။

အချိန်ကား မနက်ငါးနာရီထိုးလုနီးပြီ။ ရဲရင့်သည် ဆိုဖာအစွန်းဘက်မှာ ခြေတစ်ဖက်ကိုတွဲလောင်းချထားရင်း အိပ်မောကျနေလေသည်။ စားပွဲပေါ်တွင် သူသောက်နေကျမဟုတ်သည့် အရက်ပုလင်းနှစ်လုံးရှိနေပြီး တစ်လုံးကတော့ ပြောင်သလင်းခါနေချေပြီ။

ဖုန်းက သူ့ကျောအောက်မှာဖိမိနေပြီး ဖုန်းမျက်နှာပြင်သည် ကျောပြင်၏ပွတ်တိုက်မှုကြောင့် လင်းတစ်ခါ၊မှိတ်တစ်လှည့်ဖြစ်နေလေ၏။ မအိပ်ခင်ကအထိဝတ်ထားဟန်တူသော ဆင်စွယ်ရောင်ဆွယ်တာလေးသည်လည်း ဆိုဖာလက်ရန်းပေါ်မှာတစ်ဝက်၊ ကြမ်းပြင်ပေါ်၌တစ်ဝက်စီဖြင့် မေးတင်နေသည်။

အနည်းငယ်ဖရိုဖရဲနိုင်သော ထိုမြင်ကွင်းကိုကြည့်၍ လင်းရိပ်မာန် သက်ပြင်းမချဘဲမနေနိုင်တော့။ တစ်ခန်းလုံးလည်း အရက်နံ့များမွှန်ထူနေသည်။ ရဲရင့် ယခုလောက်အထိမူးရူးနေသည်ကို သူ့အနေနှင့် နှစ်ကြိမ်သာမြင်ဖူးသည်။ ပထမအကြိမ်က သူ၏သူငယ်ချင်းက သူ့ကိုရှောင်နေသည်ဟုဆိုသောအခေါက်ကဖြစ်ပြီး ယခုက ဒုတိယအကြိမ်ပင်။

"ခင်ဗျားကလေ တကယ် တကယ်... အမျိုးမျိုးတတ်လည်းတတ်နိုင်တယ်"

နောက်တစ်ကြိမ်သက်ပြင်းရှိုက်လိုက်ပြီးနောက် ရဲရင့်ရှိရာဆီသို့ ဖြည်းဖြည်းချင်းတိုးကပ်သွားလိုက်သည်။ ဆိုဖာရှေ့ကိုရောက်သည်နှင့် ဒူးတစ်ဖက်ထောက်ချကာ ထိုင်လိုက်ပြီး အပေါ်စီးမှမြင်နေရသော  ရဲရင့်၏မျက်နှာကို တမေ့တမောစိုက်ကြည့်သည်။

I Found My Prince Charming (Season-3) [Completed]Dove le storie prendono vita. Scoprilo ora