ညနေခင်းဆိုပေမဲ့ သူအိပ်ယာကနိုးလာတယ်။
နေ့လည်လောက်ကပဲ အင်အားသုံးရတဲ့အလုပ်ကို လုပ်မိတယ်။ ပြီးတော့ အိပ်ပျော်သွားမိတာ။
ဘယ်လိုအကြောင်းကိစ္စပဲရှိရှိ ဘယ်လောက်ပဲပင်ပန်းပါစေ.... နှစ်နာရီလောက်အိပ်မိရင် သူက အလိုလိုအိပ်ယာပြန်ပြီးနိုးလာတတ်တဲ့အကျင့်ရှိတယ်။ဖြတ်ကနဲမျက်လုံးတွေကပွင့်လာတယ်။
လက်ကနာရီကိုကြည့်မိတော့ ညနေလေးနာရီစွန်းစွန်း။ကိုယ်ပေါ်မှာလွှားထားတဲ့ ဟိုတယ်သုံးဂွမ်းကပ်ဖြူကို ဖယ်လိုက်တဲ့အခါ အဝတ်အစားမပါတဲ့ သူ့ခန္ဓာကိုယ်ပေါ်လာတယ်။
အနည်းငယ်ညိုတဲ့အသားအရေပေါ်မှာ ထိုက်သင့်တဲ့ကြွက်သားတွေရှိတယ်။ သူက အားကစားလုပ်ရတာမဟုတ်ပေမဲ့ အားကစားသမားတစ်ယောက်လို ကြံ့ခိုင်တဲ့ခန္ဓာကိုယ်နဲ့ ကြည့်ကောင်းပါတယ်။
သူ့ရင်ဘတ်ပေါ်မှာ အမာရွတ်တစ်ချို့ရှိတယ်။ လက်မောင်းသားပေါ်မှာလဲ အမာရွတ်တစ်ချို့....
ကုတင်ပေါ်ကနေ ဖြေးညင်းစွာ သူထပြီး ရပ်လိုက်တယ်။ကုတင်ပေါ်မှာ အိပ်မောကျနေဆဲ.... မိန်းကလေး... တနည်းအားဖြင့်တော့ လက်ရှိမှာ သူနဲ့တွဲနေတဲ့ချစ်သူပါ။
တစ်ချက်လှည့်ကြည့်မိတယ်။
ရွှေဝါရောင်ဆံနွယ်တွေ ကပိုကရိုနဲ့ ပြန့်ကြဲနေတယ်။
ဖြူဝင်းတဲ့အသားအရည်နဲ့ တိကျပြတ်သားပြီး မာနကြီးတဲ့ မျက်နှာထားရှိတယ်။ အိပ်ပျော်နေတာတောင် မျက်နှာကတင်းလို့ပဲ။ ဖြောင့်စင်းနေတဲ့ နှာတံ ရဲစိုနေတဲ့နှုတ်ခမ်းပိုင်ရှင်။
အင်းပေါ့လေ.... မာနကြီးလောက်စရာ ဒီမိန်းကလေးက မြို့မျက်နှာဖုံးရဲ့မြေးဖြစ်သလို ရာထူးကြီးပိုင်ဆိုင်တဲ့ဖခင်ရဲ့သမီးပဲ။ သူ့အဖေပုခုံးပေါ်ကို အပွင့်တွေတက်လာတိုင်း သူ့သမီးမာနလဲ တရိပ်ရိပ်တက်ပါတယ်။
သူက ဒီမြို့က အမျိုးသားတွေရဲ့အိမ်မက်ထဲက နတ်သမီး တပါးလို့ပြောလို့ရပါတယ်။
ထိပ်ထားမြတ်သူဆိုတဲ့မိန်းကလေး။.
.
.ရေချိုးခန်းထဲကိုဝင်ကာ ရေပန်းဖွင့်ပြီးရေချိုးလိုက်တယ်။ ဟိုတယ်ရေချိုးခန်းထဲက တစ်ခါသုံး သွားပွတ်တံကိုယူကာ သွားတိုက်တယ်။ ခေါင်းလျှော်ရည်ယူကာ ခေါင်းလျှော်တယ်။
ရေချိုးချိန်ဆယ့်ငါးမိနစ်သုံးလိုက်တယ်။
တာဝန်ချိန်မဟုတ်တဲ့ သာမာန်အချိန်တွေမှာ သူ့ပုံမှန်ရေချိုးချိန်က ဆယ့်ငါးမိနစ်ပါ။
YOU ARE READING
On The Side Of Truth
Short Storyလမ်း..... ကိုယ့်လမ်းကိုယ်လျှောက်ကြရင်း ကျောခိုင်းမိကြတယ်။ ကိုယ်မျက်နှာမူရာအရပ်ကို ဆက်ပြီးလျှောက်ရင်း ဝေးကွာသွားကြတယ်။ ကိုယ်ရွေးချယ်ရာလမ်းအတိုင်းလျှောက်ရင်း မင်းနဲ့တွေ့ဆုံခဲ့တာကတော့ အမှတ်တရပါပဲ။ ဒီလမ်းပေါ်မှာပေါ့.... တိတိကျကျဆိုရရင်... လမ်းပေါ်မှာမော...