part(27)Unicode

376 33 12
                                    

Unicode

ပိန်းပိတ်အောင်မှောင်နေတဲ့ည.... စခန်းဆီကအလင်းရောင်သည်ဝေးလွန်းသောဒီနေရာအထိရောက်အောင်မလင်းနိုင်။ အိပ်မရတဲ့အတူတူ စိတ်ကိုအေးချမ်းအောင်တရားမှတ်တာအကောင်းဆုံးလို့ပဲယူဆလိုက်တယ်။ အခန်းအပြင်မှာ အစောင့်ရှိပုံရတယ်။ အသက်ရှုသံခပ်မျှင်းမျှင်းကြားရတယ်။ ထူထဲနေတဲ့အုတ်နံရံတွေကာရံထားတဲ့ဒီအခန်းက အထူးစစ်ကြောရေးခန်းဖြစ်ပါတယ်။ အခန်းကျဥ်းကျဥ်းနဲ့ရှည်မြောမြောပုံစံရှိတဲ့အခန်းနှစ်ခန်းပါဝင်တဲ့အ​ဆောက်အဦးဖြစ်တယ်။ တစ်ခန်းက စစ်ကြောရေးဝင်တဲ့အခန်းဖြစ်ပြီး နောက်တစ်ခန်းကအချုပ်ခန်းဖြစ်ပါတယ်။ ပြတင်းတံခါးမရှိဘဲ ဝင်ပေါက်သေးသေးလေးတစ်ခုသာရှိပါတယ်။ ထိုဝင်ပေါက်ကိုလဲ ထူထဲတဲ့သံတံခါးချပ်ကြီးနှစ်ထပ်ကာရံထားတယ်။

ရဲစခန်းနဲ့တစ်ဆက်ထဲအချုပ်ခန်းကတော့ သာမာန်ခိုးဆိုးလုနှိုက်တွေ ရန်ဖြစ်တာတွေ မူးရစ်ရမ်းကားတွေအတွက်ဖြစ်ပါတယ်။ စခန်းနဲ့တစ်ဆက်ထဲပါပဲ။ သီးသန့်ဆန်တဲ့ဒီအခန်းကတော့ တော်ရုံနဲ့သုံးရခဲပေမဲ့ အခုနောက်ပိုင်းမှာတော်တော်သုံးလာရတယ်။ ဖမ်းဆီးလာမိတဲ့ ထောက်ပို့လူငယ်တွေ... ထောက်ပို့တွေကိုကူညီပေးနေတယ်လို့သတင်းရသူတွေကို တစ်ဖဲ့ချင်းချွေရတဲ့နေရာလေ။ ဒီနေရာမှာလက်လွန်သွားတဲ့လူတွေရှိသလို လုံးဝကိုမေးမြန်းမရတာမို့ အပေါ်စစ်ကြောရေးကိုဒဏ်ရာဗရပွနဲ့ပို့ပေးခဲ့ရသူတွေလဲရှိခဲ့ပါတယ်။

ထိုအတွေးကြောင့် ဝင်လေထွက်လေဟာ အနည်းငယ်ကမောက်ကမဖြစ်သွားပါတယ်။ နှာသီးဖျားထိပ်ကိုပို့ထားတဲ့စိတ်အလျင်ဟာလဲ ဝေဝါးသွားပါတယ်။ တရားထိုင်တာကိုစနစ်တကျလေ့ကျင့်ပြီး အထုံအလေ့ပါနေတာမျိုးမဟုတ်ဘူး။ သို့သော်တည်ငြိမ်စူးစိုက်သောစိတ်ကိုရရှိဖို့ မကြာခဏတော့ ငြိမ်သက်ခြင်းကိုခံစားလေ့ရှိခဲ့ပါတယ်။ တရားထိုင်တယ်ဆိုတာထက် စိတ်လေ့ကျင့်ခန်းသဘောမျိုးပါ။ ဖြစ်ပျက်ထိမရောက်ခင်ငြိမ်သက်မှုလေးကိုပဲ ရအောင်ကြိုးစားတဲ့သဘောပေါ့။

တက်ဘုန်းလူက သက်ပြင်းဖွဖွကိုရှိုက်ထုတ်လိုက်ပြီး ခဏနားလိုက်ပါတယ်။ ရင်ဘတ်ထဲမှာလှိုင်းတံပိုးလိုလှုပ်ရှားလာတာကိုခံစားမိသော်လည်း အရင်နေ့ရက်တွေနဲ့မတူတော့ပါ။ အရင်နေ့ရက်တွေက စစ်ကြောရေးခန်းထဲမှာ ဝဋ်ကြီးဝဋ်ငယ်အသွယ်သွယ်ကိုပေးဆပ်နေရတယ်။ ခံနိုင်ရည်ထက်ပိုတဲ့နာကျင်မှုတွေကိုခံစားရတိုင်း တစ်စုံတစ်ယောက်ရဲ့မျက်နှာကိုမြင်ယောင်မိပြီး အားတင်းတယ်။

On The Side Of TruthWhere stories live. Discover now