ဖက်နဲ့ထုပ်ထားတဲ့ထမင်းထုပ်ကို သင်အူကြိုးနဲ့ချည်ထားတယ်။ ဒီဘက်က စျေးသည်တွေ တော်တော်များများက ပလတ်စတစ်ကိုအသုံးနည်းကြတယ်။ ထမင်းထုပ်ကို ဖက်နဲ့ထုပ်ကြသလို သားငါးဝယ်ရင်လဲ ဖက်နဲ့ပဲထည့်ပေးတတ်ကြပါတယ်။
တက်ဘုန်းလူတို့ရွာမှာနေထိုင်စဥ်ကတည်းက ဒီနယ် ဘက်ကလူတွေ ဖက်ပဲအသုံးပြုကြတာအခုထိပဲဆိုပါတော့။
ကြိုးအတွက်က သင်ပင်ရဲ့အလယ်သားကို အခြောက်လှမ်းကာသုံးတတ်ကြတယ်။ သင်ပင်ဆိုတာ သင်ဖြူးဖျာယက်တဲ့အပင်ပါ။ အကာသားတွေကို သင်ဖြူးဖျာယက်ကြပြီး အတွင်းသားနုအိအိကို နေလှမ်းကာကြိုးအဖြစ်သုံးကြရတာပါ။ ခြောက်သွေ့နေတဲ့ သင်အူသားကို လိုသလောက်ဖြတ်တောက်ပြီး ချည်ကာနီးမှာ ရေခဏပြန်စိမ်လိုက်ရင် ချည်ရနှောင်ရတာအကောင်းဆုံး ကြိုးဖြစ်လာပါတယ်။
ပလတ်စတစ်လို သဘာဝပတ်ဝန်းကျင်ထိခိုက်စေတာလဲမရှိသလို ခိုင်ခန့်မှုလဲရှိပါတယ်။.
.
.မွှေးနေတဲ့ ဟင်းနံ့က ဖက်ရွက်ကိုဖောက်ထွင်းပြီး ထွက်လာတယ်။
ထိုင်ခုံကတစ်ခုပဲရှိတာမို့ မျက်နှာချင်းဆိုင်ထိုင်စားလို့ကမရ။
ဘေးချင်းကပ်ရက်ထိုင်ကာ ကိုယ်စီထမင်းထုပ်လေးတွေ ဖြည်ချလိုက်တယ်။ထမင်းလေးကပူနေဆဲရှိသေးတယ်။
ထမင်းဖြူပေါ်မှာ ကြက်သားကြော်... ဗမာကြက်...အိမ်ကြက်စစ်စစ်ကိုကြော်ထားတာက တစ်ပိုင်းပါတယ်။ ချဥ်ပေါင်ကြော်လေးနဲ့ သခွားသီးစိတ်လေးနဲ့ ကော်ဇွန်းလေးတစ်ချောင်းလဲထည့်ပေးထားသေးတယ်။
အရင်ကဆို ဇွန်းမပါတတ်။ ဒါကြောင့်လဲ ရေသန့်ဗူးလွတ်တွေထဲမှာ လက်ဆေးရည်ထည့်ပြီးရောင်းတာကို ငွေရှာနည်းတစ်ခုသဖွယ်ရွာသားတွေ လုပ်လို့ရနေခဲ့တာပေါ့။ အလွယ်သုံးပစ္စည်းတွေပေါ်လာသော်လည်း တတ်နိုင်သမျှမသုံးကြတဲ့ ဒီရွာလေးတွေမှာလဲ ခေတ်ရဲ့ရေစီးအတိုင်း စားသုံးသူတွေရဲ့လိုအပ်ချက်အတိုင်း ပြောင်းလဲလာရတာလေးတွေလဲ ရှိပါတယ်။
ဇွန်းထည့်ပေးသော်လည်း လက်နဲ့ပဲစားတဲ့ခရီးသည်တွေရှိနေဆဲမို့ လက်ဆေးဖို့ရေရောင်းတာလဲ ရှိနေရဆဲပါ။တက်ဘုန်းလူက ကြက်သားကြော်ပဲမှာခဲ့တာဆိုတော့ စားရတာ ခြောက်ခြောက်သွေ့သွေ့ပါပဲ။
တက်ဘုန်းလူ ဘေးက နိုဗာကိုကြည့်မိတယ်။
.
.
.
YOU ARE READING
On The Side Of Truth
Short Storyလမ်း..... ကိုယ့်လမ်းကိုယ်လျှောက်ကြရင်း ကျောခိုင်းမိကြတယ်။ ကိုယ်မျက်နှာမူရာအရပ်ကို ဆက်ပြီးလျှောက်ရင်း ဝေးကွာသွားကြတယ်။ ကိုယ်ရွေးချယ်ရာလမ်းအတိုင်းလျှောက်ရင်း မင်းနဲ့တွေ့ဆုံခဲ့တာကတော့ အမှတ်တရပါပဲ။ ဒီလမ်းပေါ်မှာပေါ့.... တိတိကျကျဆိုရရင်... လမ်းပေါ်မှာမော...