ရဲစခန်းနောက်ဘက်သို့ နိုဗာကပြေးတယ်။ တက်ဘုန်းလူရဲ့လက်ကိုဆွဲပြီးပြေးနေတာ။ တစ်ကိုယ်လုံးနာကျင်နေသော်လည်း ထိုနာကျင်မှုတွေကိုဂရုမထားဘဲ တက်ဘုန်းလူ တစ်ကိုယ်လုံးအားအင်တွေပြည့်နေသလိုခံစားရတယ်။ တကယ်တော့ စိတ်ပါပဲ။ စိတ်ရဲ့အနက်ရှိုင်းဆုံးကခွန်အားတွေပြည့်ပြည့်ဝဝထွက်လာပုံရတယ်။ ဒီခန္ဓာကိုယ်နာကျင်မှုတွေက နိုဗာရထားပေါ်မှာငါ့ကိုထားသွားတယ်ဆိုတဲ့ခံစားချက်နာကျင်မှုလောက်မဆိုးတော့တာ သေသေချာချာသိသွားတာကိုး။
တော်တော်ဝေးဝေးထိပြေးလာမိကြတယ်။
နယ်မြေအနေအထားက ပုန်းခိုလို့ကောင်းတဲ့နေရာမျိုးဖြစ်နေပါတယ်။ ပစ်ကွင်းမရှင်းသလို သစ်ပင်ကြီးတွေကလဲပတ်ဝန်းကျင်မှာပိတ်ဆို့နေပါတယ်။ နိုဗာက တဖြောင့်ထဲပြေးတာမဟုတ်ဘဲ ကွေ့ကာဝိုက်ကာပြေးခြင်းဖြစ်ပါတယ်။ ပြီးတော့ ရဲစခန်းနောက်ဖက်ကလူသူအရောက်အပေါက်မရှိတဲ့အပြင် လမ်းလဲမရှိပါဘူး။ ဒါကြောင့် တဖြောင့်ထဲပြေးလို့မရဘူး။ တရစပ်လဲပြေးလို့မရဘူး။ ခပ်သွက်သွက်လျှောက်တဲ့အခါလျှောက်... ပြေးလို့ရတဲ့နေရာတွေရောက်ရင် ပြေးသွားကြရတာ။
"ကိုတက်ဘုန်းလူ.... ခဏနားချင်လား.... ဘယ်လိုလဲအခြေအနေ''
ရှေ့ကနေအားသွန်ကာပြေးရင်း တော်တော်ဝေးဝေးကိုရောက်မှ အပြေးရှိန်လျှော့ကာ တက်ဘုန်းလူကိုမောဟိုက်သံနဲ့မေးတယ်။
"ဟား... အား.. ရ...ရတယ်....နိုဗာ.... မင်း... အဆင်ပြေအောင်လုပ်ပါ...ကိုယ်က...အား...ကိုယ်က..''
တက်ဘုန်းလူ ပြေးရင်းစကားပြောရတာအဆင်မပြေပါ။ မောဟိုက်နာကျင်လာပါတယ်။ ဘာစကားတစ်ခွန်းမှမပြောဘဲ နိုဗာကဦးဆောင်ပြီးပြေးနေချိန်မှာ ဘာမှမဖြစ်ပေမဲ့ ကိုယ့်ကိုစိုးရိမ်စွာမေးလာတာကြားမှ လူကအားလျော့လာသလိုခံစားရပါတယ်။
"ဟာ... ကိုတက်ဘုန်းလူ.... ရရဲ့လား.... ကျွန်တော်ကချိန်းထားတဲ့နေရာကို.... ရောက်မှအဆင်ပြေမှာမို့ပါ.... ရလား....ဟင်... ဒဏ်ရာတွေများနေလား''
နိုဗာကပြေးလွှားနေတာကိုရပ်ပြီး တက်ဘုန်းလူကိုကြည့်တယ်။ မှောင်မဲနေတာမို့ ဘာမှမမြင်ရဘူးလေ။ နိမ့်ချည်မြင့်ချည်နဲ့အသက်ရှုသံပြင်းပြင်းထွက်နေတဲ့ တက်ဘုန်းလူ ရင်ဘတ်ဆီကို နိုဗာ့လက်ကရောက်လာတယ်။ နိုဗာ့ နောက်လက်တစ်ဖက်ကိုလွှတ်မပေးဘဲ တက်ဘုန်းလူ ကိုင်ဆွဲထားမိတယ်။ မျက်နှာပေါ်အထိရောက်လာတဲ့ လက်။
YOU ARE READING
On The Side Of Truth
Short Storyလမ်း..... ကိုယ့်လမ်းကိုယ်လျှောက်ကြရင်း ကျောခိုင်းမိကြတယ်။ ကိုယ်မျက်နှာမူရာအရပ်ကို ဆက်ပြီးလျှောက်ရင်း ဝေးကွာသွားကြတယ်။ ကိုယ်ရွေးချယ်ရာလမ်းအတိုင်းလျှောက်ရင်း မင်းနဲ့တွေ့ဆုံခဲ့တာကတော့ အမှတ်တရပါပဲ။ ဒီလမ်းပေါ်မှာပေါ့.... တိတိကျကျဆိုရရင်... လမ်းပေါ်မှာမော...