Unicode
Chapter (12.1)
ချင်းလောင်၏ နာကျင်မှုများတစ်ဖြည်းဖြည်းသက်သာလာတဲ့ အချိန်မှာတော့ သူ့မျက်လုံးတွေနီရဲလာခဲ့သည်။အနာကျင်ရဆုံး အချိန်တုန်းက သူအသံတစ်သံတောင်မထွက်ဘဲ တောင့်ခံနိုင်ခဲ့ပေမယ့်
နာကျင်မှုတွေမရှိတော့တဲ့အချိန်မှာတော့ သူရုတ်တရက်ကြီး ငိုချင်လာတော့သည်။"ချင်းလောင်..."
ရဲ့ချန့်က သူ့ထက်ပင် ပိုပြီး ဝမ်းနည်းနေပုံပေါ်ပေသည်။ချင်းလောင်ရဲ့ မျက်နှာကဖြူဖျော့နေဆဲဖြစ်ပြီး သူကရဲ့ချန့်ကို နီရဲနေတဲ့ မျက်ဝန်းတွေနဲ့ ကြည့်နေပေသည်။လူငယ်လေး(ရဲ့ချန့်)ရဲ့မျက်လုံးတွေက စိုးရိမ်ပူပန်မှုတွေ ထိခိုက်နာကျင်မှုတွေနဲ့ပြည့်နှက်နေခဲ့ပေမယ့် အဲ့ဒါတွေအကုန်လုံးထက် မခံမရပ်နိုင်ဖြစ်နေတဲ့ ပုံစံပိုပေါက်နေခဲ့သည်။ဒီလို မတိုးသာမဆုတ်သာဖြစ်နေတဲ့ အခြေအနေကို စောစော မဖျက်ဆီးခဲ့ရလို့ သူစိတ်တိုသည်၊ချင်းလောင်ကို စောစော မကာကွယ်နိုင်ခဲ့လို့ သူစိတ်တိုသည်၊ချင်းလောင်ရဲ့ အစာအိမ်ပြဿနာကို စောစောမသိခဲ့ရလို့ သူစိတ်တိုသည်။
.
.
.
ကျင်းချန်ကျောင်းရဲ့ ဆေးပေးဆောင်က တော်တော်ကို ကျယ်ဝန်းပေသည်။၎င်းမှာ ရိုးရိုးရှင်းရှင်းအနားယူလို့ရတဲ့ နေရာပင်ရှိလေသည်။ချင်းလောင်က အိပ်ယာအသေးလေးပေါ်မှ ထထိုင်လိုက်ပြီး သူ့ဒူးခေါင်းတွေကို ပိုက်လိုက်သည်။သူ့မျက်နှာကို ဒူးခေါင်းတွေကြား မြှုပ်ထားလိုက်ရင်း မျက်ရည်တွေကို တိတ်တဆိတ်ကျဆင်းစေလိုက်ကာ သူ့ရဲ့ အပြာရောင်ကျောင်း ယူနီဖောင်းအား စိုစွတ်စေခဲ့သည်။
ရဲ့ချန့်နောက်ဆုံးတော့ တောင့်မခံနိုင်တော့ပေ။သူ ချင်းလောင်ဘေးဝင်ထိုင်လိုက်ပြီး သူ့(ချင်းလောင်)ကို သူ့လက်မောင်းတွေထဲ ထွေးပွေ့လိုက်ကာ ချင်းလောင်ရဲ့နောက်ကျောကို သူ့လက်တွေနဲ့ ပွတ်သပ်ပေးလိုက်သည်။သူ့ရဲ့လှုပ်ရှားမှုတွေက အနည်းငယ် တုန်ယင်နေပြီး ကို့ယို့ကားယားနိုင်နေပေသည်။
"ငါမင်းကို အရင်က မုန်းခဲ့သလိုဘဲ ဘာလို့ မုန်းမရခဲ့တာလဲ....အကယ်လို့ အရင်အတိုင်းသာဖြစ်နေခဲ့မယ်ဆိုရင် ငါဝမ်းနည်းနေရမှာမဟုတ်ဘူး..."ချင်းလောင်၏ အသံသည် အတော်ကို နှာသံပေါက်နေပြီး အရမ်းကိုစိတ်ထိခိုက် ဝမ်းနည်းနေပေသည်။