သံယောဇဥ်တဲ့ တိမ်မရောင်နဲ့နက်သား။
မဟူရာညမှာ ဝါဝါဝင်းဝင်းလမင်းကြီးက
ပြည့်ပြည့်ဝဝကိုသာနေလေရဲ့။
ရေကြည်လိုလဲ ချမ်းမြပါတယ်။
နေခြည်လိုလဲ နွေးပါတယ်။ မေတ္တာတွေနဲ့ပဲ ချစ်ရသူကိုထွေးပါရစေ။ကျောက်သားကျောက်တိုင်တွေလို မာကြောအေးစက်တဲ့အကြည့်တွေကြား ချစ်ခွင့်မရှိခဲ့၊ ပြန်လမ်းမရှိတဲ့ ဒီမေတ္တာတွေက အသွားသာရှိပြီး လည်ပြန်လာမှာလည်းမဟုတ်။ မနက်ဖြန်ဆိုရင် ခွဲကြရတော့မှာပဲ။ လွမ်းပေဦးပေါ့။
အကြင်နာတဲ့ ကြင်ကြင်နာနာမဟုတ်သော
ကျင်ကျင်နာနာ။ နှလုံးသားလေးအဖျားတက်ပြီး
လှိုက်ခုန်တုန်ဟီးမတတ် နာကျင်ရ၏။
မချစ်သင့်သူကိုမှ ချစ်မိခဲ့တော့လည်း
နာကျင်ရမှာက ဓမ္မတာ။
ပဟေဠိဆန်တဲ့ ပုစ္ဆာတွေကိုမကြိုက်တတ်ပေမယ့်
အချစ်တွေကိုတော့ ပဟေဠိဆန်ဆန်ဖွက်ထားချင်သေးတယ်။ ခင်ဗျားဘက်က ရှာဖွေချင်ပါရဲ့လား။"ကြည့်လို့ဝရဲ့လား..."
"..."
"ဒီနားလာပြီး ကိုယ်ခါးပေါ်တက်ခွရင်း
အားရပါးရကြည့်ချင်လဲရတယ်...""ရူးနေလို့ ခင်ဗျားကို ကြည့်ရမှာလား..."
"သူခိုးကျင့် သူခိုးကြံ မလုပ်နဲ့လေ...
ပေါ်တင်ကြည့်ပေါ့ကွ...
ခင်ဗျားကိုကြည့်ချင်တယ်လို့ တစ်ခွန်းသာပြောလိုက် အလှူပေးတဲ့အနေနဲ့
ကိုယ့်မျက်နှာလေး မင်းရှိရာကို လှည့်ထားပေးမှာပေါ့..."ဝရံတာပေါ်ရှိ ဆိုဖာတွင်လှဲအိပ်နေကြရင်း နှစ်ဦးသား ည၏အလှကိုငေးကာကြည့်နေမိကြ၏။ မျက်ဝန်းများမှိတ်ကာ အနားယူဇိမ်ခံနေခြင်းအား အိပ်နေသည်ဟု အထင်ဖြင့် ခိုးကာကြည့်နေပါသော သူလေး။ တစ်နေ့တစ်နေ့ သူစိတ်ဆိုးအောင် မစရရင်လည်း မနေနိုင်။
"တဏှာရူး...နှာဘူး..."
"မင်းနဲ့မှမျောချင်တဲ့ တဏှာရာဃတွေကို
ဘယ်တရားနဲ့မှ ဖြေလို့မရဘူးကွ...တဏှာရူး နှာဘူးကောင်ဖြစ်လဲ မင်းနဲ့ပဲ စျာန်လျောချင်တာကွာ...""မရဏဖွား ခင်ဗျားက အီစီကလီတွေလည်း တကယ်ပြောတတ်တာပဲ..."
"ထပ်ပြောရဦးမလား..."