"ရွှေရင်အေး မရှိတော့ဘူး...
လုပ်ပါဦး ယောကျာ်းရေ...""ဘယ်လို..."
"သူဋ္ဌေးမင်းနဲ့ ရင်ငြိမ်းတို့ လာတော့မယ်...
ဘယ်လိုလုပ်ကြမလဲ...မင်္ဂလာကိစ္စ စကားပြောဖို့ လူကြီးတွေလည်း ရောက်လာတော့မယ်..."ရွှေရင်အေး၏အခန်းထဲသို့ ဝင်ရောက်ရှာဖွေသော်လည်း လုံးဝမတွေ့ခဲ့ရ။ အဝတ်အစားများကလည်း မပျက်ယွင်းပါပဲ သူ့နေရာနှင့်သူ သမီးဖြစ်သူမှလွဲ ကျန်တာနေရာတကျပင်။ သမီးဖြစ်သူပဲ ပျောက်နေခြင်းမှာ ရွှေရင်အေးတစ်ယောက် ထွက်ပြေးသွားတာလား။
"သက်ပြင်းတွေချနေတာ ဘာတွေများဖြစ်နေကြလို့လဲ ဦးရွှေမဟာ..."
"သူဋ္ဌေးမင်းတို့ ရောက်လာပြီလား...ထိုင်ပါဦးဗျာ..."
"ထိုင်ပါရှင်..."
ထိုင်ခုံပေါ်တွင်ခြေချိတ်လျက် စမတ်ကျကျထိုင်ရင်းသာ သူ၏လက်ထဲမှနာရီကိုငုံ့ငေးလျက် ကြည့်နေသူ မရဏဖွားက ရှေ့မှလူကြီးများနဗင့်လည်း စကားမပြောပေ။ နေ့လည်နေ့ခင်းပူလောင်လှသောနေမင်းနှင့်အပြိုင် အိမ်တစ်ခုလုံးပူလောင်နေရပြီ။ မင်္ဂလာသတို့သား၏မျက်နှာအနေအထားမှာလည်း အကြွေးရှင်တစ်ယောက်ပမာ သုန်မှုန်လို့။
အကြွေးက သိန်းပေါင်းများစွာ။ ဒီကောင်မလို သမီးမိုက်မို့ ဖခင်ကိုလုပ်ရက်လေ၏။ မွေးကျွေးရကျိုးမနပ်လိုက်တဲ့ သမီးဆိုး၊သမီးမိုက်ကိုသာ သတ်ပစ်လိုက်ချင်တော့သည်။ ဒီလိုသာဒုက္ခပေးမယ့်သားသမီးမျိုးမှန်းသိခဲ့လျှင်
မွေးလာစဥ်တည်းက ရိုက်သတ်ခဲ့မိမှာ။ဒေါသတို့ကထွက်လျက်။ ဘာလုပ်ရမယ်တွေးမရသေးပေ။အေးစက်စက်မျက်ဝန်းတစ်စုံ၏ အကြည့်တစ်ချက်ကိုရှောင်ဖို့ရာလည်း ကြံမိ၊ကြံရာကြံနေရသည်။ မရဏဖွားဆိုသူက သူ၏ငွေနှင့်ပတ်သက်လျှင် ဘယ်သူ့ကိုမှသည်းမခံတတ်သူ။ ငွေဆိုတာကို နတ်ဘုရားလိုကိုးကွယ်ထားပြီး စိန်၊ရွှေတွေနဲ့ ဇိမ်ခံတတ်သူက သူ၏ငွေနဲ့ပတ်သတ်လျှင် သည်းခံတတ်သူမဟုတ်မှန်းလည်းသိသည်။
အလုပ်လုပ်ရာ၌လည်း သစ္စာကတိတည်ကြည်လွန်း၍ လူချစ်လူခင်ပေါကာ နာမည်ဂုဏ်သတင်းကြီးလေ၏။
သူတစ်ပါးအပေါ် ကလိမ်ကကျစ် မကျတတ်သလို
သူ့အပေါ်လိမ်လည်လှည့်ဖျားပါကလည်း ရေမြေအဆုံး ဒုက္ခလိုက်ပေးတတ်သေးသည်။
သူ့ပစ္စည်းတွေကို ပေါ်ပေါ်တင်တင်ခိုးယူရဲသူလည်း မရှိသေးချေ။