Chapter 3 : ဆေးမှားသောက်မိခြင်း
အကယ်၍ ရှေ့ဖြစ်ဟောဆရာသာ ထိုအကြောင်းအရာများကို မဟောပြောခဲ့ပါက ကျင်းယွင်ကျောင်းသည် အသက်ရှင်နေလိမ့်မည်မဟုတ်ပေ။ သို့သော် သေမင်းတံခါးဝတွင် ရှိနေခြင်းကတောင် အတိတ်ဘဝက ထိုနှစ်များအတွင်း သူမ ရှင်သန်နေထိုင်ခဲ့ရခြင်းထက် ပို၍ကောင်းနေပေလိမ့်ဦးမည်။ ချောင်မိသားစုနှင့် သိမ်ငယ်အရှက်ရစွာ နေထိုင်ခဲ့ရပြီး ထောင်ထဲ၌ အဆုံးသတ်ရမည့် ထိုနှစ်ကာလများထက် အများကြီးပိုကောင်းပါလိမ့်မည်။
"ယွင်ကျောင်း၊ ဟုန်ယဲ့က နင့်ရဲ့ညီမလေ။ ဘယ်လိုအစ်မမျိုးကများ ကိုယ့်ရဲ့ညီမလေးကို ဒီလိုတွေပြောနိုင်ရတာလဲ။ နင်က အဆင့်တွေကောင်းတယ်၊ ဒါပေမယ့် ဒါတွေအားလုံးက ငါ့ရဲ့မျိုးရိုးဗီဇတွေကြောင့်ပဲ မဟုတ်ဘူးလား။ ဟုန်ယဲ့က လိမ္မာတဲ့ကလေးပါ၊ သူက နင်ငယ်ငယ်ကတည်းက နင့်ကို ရှေ့ဆောင်ပေးလာခဲ့တာ။ နင်က ဘယ်လိုကြောင့်များ အဆင့်တစ်ကိုပဲ ယူနိုင်ရတာလဲ။"
*အဟွတ်..အဟွတ်*
ယဲ့ချင်သည် ဒေါနှင့် မောနှင့်ပြောပြီးနောက်တွင် ချောင်းတဟွတ်ဟွတ်ဆိုးကာ မျက်နှာက နီရဲလာ၏။
သူမသည် သူမ၏ရောဂါကို စိတ်လျှော့လိုက်ပြီဖြစ်သော်လည်း သူမ၏ရင်သွေးများအတွက် စိုးရိမ်ပူပန်ခြင်းကိုမူ မရပ်တန့်နိုင်သေးချေ။
သူမသည် စိတ်ထဲတွင် အမှန်တကယ် သံသယဖြစ်နေမိသည်။ ရှေ့ဖြစ်ဟောဆရာက ကျင်းယွင်ကျောင်းကို အထင်မှားသွားတာဖြစ်နိုင်သည်၊ ရလဒ်အနေနဲ့ သူမရဲ့ဘဝသက်တမ်းက တိုသွားတာသည်လေ။
"အမေပြောတာ မှန်ပါတယ်။ ကျွန်မက တကယ်ပဲ အမေ့ရဲ့မျိုးရိုးဗီဇတွေကို အမွေရထားတာ။ ပြီးတော့ ဟုန်ယဲ့ကကျ အဖေ့ဗီဇကို အမွေရထားတာလေ၊ ဒါကြောင့်မို့လို့ ဟုန်ယဲ့နဲ့ကျွန်မက ဘာမှမတူတာပေါ့။" ကျင်းယွင်ကျောင်းက ထိုစကားများအား ရည်ရွယ်ချက်ရှိရှိ ပြောလိုက်၏။
ယဲ့ချင်က အနည်းငယ် အသက်ရှူကျပ်သလိုဖြစ်သွားပြီး ကျင်းယွင်ကျောင်းကို စိုက်ကြည့်လာသည်။
အဘယ်ကြောင့် ဤကလေး ဆေးမှားသောက်မိထားသလို သူမ ခံစားနေရပါသနည်း။ ထိုကလေး၏စကားလုံးများက အပ်ချောင်းများလို ချွန်ထက်နေကာ သူမအား အလွန်မသက်မသာ ခံစားရစေ၏။