Chapter 117 : ရောဂါအသေးအဖွဲ့အတွက် သမားတော်ပင့်ခြင်း
တုလင်း၏ စိတ်ထဲတွင် တွေးနေမိ၏။
'လီရှောက်ယွင် စောင့်နေတဲ့တစ်ယောက်က ကျောင်းသားတစ်ယောက်တော့ မဖြစ်နိုင်လောက်ဘူး။ ပြီးတော့ ဆေးပညာ ဗဟုသုတရှိပြီး လေ့လာလိုက်စားရတာကို နှစ်သက်တဲ့သူတွေက သတ်လတ်ပိုင်းအရွယ်ကို ဖြတ်သန်းနေတဲ့ လူကြီးတစ်ယောက်ပဲ ဖြစ်သင့်တယ်။ ဒီလိုဖြစ်ရင်ဖြစ်၊ မဟုတ်ရင် ဒီကျောင်းက ဆရာတွေထဲက တစ်ယောက်ပဲ ဖြစ်ရမယ်'
ခဏကြာအောင် တွေးတောဆင်ခြင်နေပြီးနောက် သူသည် လီရှောက်ယွင်က ရုတ်တရက် ပုံရိပ်လေးတစ်ခုဆီသို့ လျှောက်သွားသည်ကို မြင်လိုက်ရသည်။
တုလင်း၏ မျက်လုံးများက အရောင်တောက်သွားပြီး ကြည့်ရန်လှည့်လာ၏။ သို့သော် တစ်ချက်ကြည့်ရုံနှင့်ပင် သူ၏ မျက်နှာအပေါ်ရှိ အပြုံးက ချက်ချင်းပင် အေးခဲသွား၏။ အလွန်စိတ်ဝင်တစားဖြင့် ရှေ့သို့ဆက်ကြည့်လိုက်သည်။ သူတစ်ဦးတည်းမဟုတ်၊ ဒရိုင်ဘာ၏ ပါးစပ်မှာလည်း တွန့်သွား၍ လီရှောက်ယွင်၏ စကားလုံးများကို မယုံကြည်နိုင်လွန်းစွာ ခံစားနေရလေသည်။
သူမ၏ လမ်းအား လူတစ်ယောက်က ပိတ်ထားသောကြောင့် ကျင်းယွင်ကျောင်း၏ မြင်ကွင်းက အမှောင်ကျသွား၏။ သို့သော် သူမ၏ ခေါင်းကို မော့လိုက်ပြီးနောက် မည်သူမှန်းသိသွားသည်နှင့် အံသြသွားသော အရိပ်အယောင်များ ပေါ်ထွက်လာတော့သည်။
"မစ္စတာလီ"
လီရှောက်ယွင်သည် အဖြူရောင်ရှပ်အပါး တစ်ထည်ကိုသာ ဝတ်ဆင်ထားသောကြောင့် သူ၏ လက်မောင်းကြွက်သားများအား ထင်ထင်ရှားရှား မြင်နေရ၏။ သူ၏ ရှည်လျားသော အနက်ရောင် မျက်ခုံးတန်းများအောက်ရှိ မျက်လုံးတစ်စုံက အပြုံးရိပ်များကို သယ်ဆောင်လာပြီး ကြည့်မိသူများအား ရစ်မူးသွားစေသည်။
လီရှောက်ယွင်က ပြုံးပြလိုက်သောအခါ ကျင်းယွင်ကျောင်းသည် ဤလူက တောက်ပနေသကဲ့သို့ ခံစားလိုက်ရ၏။ အမှန်တကယ်ပင် မျက်လုံးများအား ဖမ်းစားနိုင်လွန်းသည်၊ အထူးသဖြင့် ကျောင်းပေါက်ဝ ဤနေရာ၌ ဖြစ်၏။ ဤအသက်အရွယ် မိန်းကလေးများအားလုံးသည် ကြည့်ကောင်းသော လူများ၊ ပစ္စည်းများအား အရူးအမူး သဘောကျ ဖက်တွယ်တတ်ကြသည်။ သူမကိုယ်သူမ အရင်ကနှင့် ကွဲထွက်အောင် နေပြီးနောက်တွင် သူမသည် နောက်ထပ်ကောလဟာလများ၌ မပါဝင်ချင်တော့ပေ။