Chapter 48 : ကျွန်တော် မလုပ်ခဲ့ပါဘူး
ကျင်းယွင်ကျောင်း၏ ရှင်းပြချက် ဆုံးသည်နှင့် လုကျားသည် အလွန်ထိတ်လန့်ကြောက်ရွံ့သွား၏၊ သရဲတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ပင်။
သူမ၏ စကားများတွင် အလိမ်အညာတစ်ခွန်းမှ မပါသလို ဘာတစ်ခွန်းမှလည်း ပြောရန် မကျန်ခဲ့ပေ။ ဤကဲ့သို့ သာမန်မဟုတ်သော မှတ်မိနိုင်စွမ်းသည် လူများအား တကယ်ပင် ကြောက်ရွံ့သွားစေနိုင်သည်။
"ငါ နင့်ကို မယုံဘူး။ ဘာလို့ ငါ့သားက သူနဲ့ သိတောင်မသိတဲ့သူတစ်ယောက်ကို ချောင်ပိတ်ရမှာလဲ။ နင် မကောင်းတာ တစ်ခုခုလုပ်နေတာကို သူတို့မြင်သွားလို့ပဲ ဖြစ်ရမယ်။ ဒါကြောင့် သူတို့က နင့်ကို ဖြောင်းဖျတားမြစ်ဖို့ သွားခဲ့တာပဲ။ ဒါပေမယ့် နင်က နားမထောင်ဘဲ သူတို့ကိုပါ ရိုက်နှက်ခဲ့တာ"
အကယ်၍ ဤမိန်းကလေး ပြောသည်များကသာ အမှန်ဆိုပါက သူမသား၏ အနာဂတ် အဆုံးသတ်သွားလိမ့်မည် မဟုတ်ပါလား။
မည်သို့ပင်ဖြစ်စေ သူမသည် ထိုအကြောင်းကို ဘယ်တော့မှ ယုံကြည်လိမ့်မည်မဟုတ်ပေ။ ဤသည်မှာ သူမ၏ သားဖြစ်သည်။ သူ ဘယ်လိုလူမျိုးဆိုသည်အား သူမ အဘယ်ကြောင့် မသိဘဲ နေမည်နည်း။
"ရှင့်သားက အခြားသူအပေါ် ဘာလို့အပြစ်ပုံချတတ်သလဲ ဆိုတာ ကျွန်မ အခု သိသွားပြီ။ ရှင့်သားက ရှင့်ဆီကနေ သင်ထားတာပဲ။ ကောက်နေတဲ့ တုတ်တစ်ချောင်းမှာ ကောက်နေတဲ့ အရိပ်ပဲ ရှိမယ်"
ကျင်းယွင်ကျောင်းက အေးတိအေးစက်ကြည့်၍ ခပ်ရိုင်းရိုင်း ပြန်ဖြေလိုက်သည်။
"ဒီမိစ္ဆာမကတော့"
အမျိုးသမီးကြီးက တစ်ချက်အော်လိုက်ပြီး လက်မောင်းတစ်ဖက်ကို မြှောက်၍ သူမကို ခုန်အုပ်လိုက်၏။
ကျင်းယွင်ကျောင်းသည် ရိုးရိုးတန်းတန်းပင် တစ်ဖက်သို့ ညွှတ်ချလိုက်ပြီး တိုက်ခိုက်မှုကို လွယ်လွယ်ကူကူ ရှောင်တိမ်းလိုက်ရာ ထိုအမျိုးသမီးကြီးသည် ကြမ်းပြင်ပေါ်သို့ ပစ်လဲကျသွားသည်။
သူမ လဲကျသွားသည်ကို မြင်သောအခါ ကျင်းယွင်ကျောင်းက ခပ်အေးအေးပြောလာ၏။