Chapter 167 : ဘယ်လို ကစားရမှာလဲ
ကျင်းယွင်ကျောင်း၏ အမူအယာများက ပြောင်းလဲမှုမရှိပေ။ ချောင်ဟုန်ယဲ့၏ တောင်းပန်စကားများကို နားထောင်နေသော်လည်း သူမသည် လှုပ်ရှားသွားသည့် အမူအယာတစ်ခုကိုမှ မဖော်ပြချေ။
ဤသည်မှာ အခြားသူများအတွက် အနည်းငယ် အသည်းမာသည်နှင့် တူသော်လည်း ကျင်းယွင်ကျောင်းသည် ချောင်ဟုန်ယဲ့အား ဖိနှိပ်ထားရန် သူမ၏ ပြင်းပြနေသော ဆန္ဒကို မထိန်းချုပ်နိုင်သေးပေ။ ထို့အပြင် ချောင်ဟုန်ယဲ့၏ စိတ်အားငယ်မှုများ ပြည့်နေသည့် ကြောက်စရာကောင်းသော မျက်နှာနှင့် မချိတင်ကဲ ငိုကြွေးနေခြင်းကို ကြည့်၍ ကျင်းယွင်ကျောင်း ပျော်ရွှင်လာ၏။
သူမ၏ နှုတ်ခမ်းများက အထက်သို့ ကွေးညွတ်သွားပြီး
"နင့်ကို ချောင်ဝေ့မင် ရိုက်တာက ငါနဲ့ ဘာဆိုင်လို့လဲ။ ငါသိတာ တစ်ခုက ငါ နင့်ကို လွှတ်မပေးနိုင်ဘူးဆိုတာပဲ"
"မမ၊ နင် ဘာလို့ ဒီလို လုပ်နိုင်ရတာလဲ၊ ဘာပဲဖြစ်ဖြစ် ငါတို့က အတူကြီးပြင်းလာတဲ့ ညီအစ်မတွေ ဖြစ်နေသေးတယ်လေ အား..."
ချောင်ဟုန်ယဲ့သည် ကျိုးကြောင်းဆီလျော်မှု မရှိပေ။
"ငါ့ရဲ့မျိုးရိုးနာမည်က ကျင်း"
သူမက အေးစက်စက် စကားပြန်လိုက်ပြီး ချောင်မိသားစုနှင့် သူမ ဘာမှမဆိုင်သည်အား ရှင်းလင်းသွားအောင်လုပ်လိုက်သည်။
ထိုကဲ့သို့ ပြတ်သားသော စိတ်ဓါတ်က ချောင်ဟုန်ယဲ့၏ ကျောရိုးတစ်လျှောက် အအေးဓါတ်များကို စုန်ဆင်းသွားစေသည်။ သူမ၏ ခေါင်းကို ငုံ့ကာ စားပွဲပေါ်ရှိ ဓါတ်ပုံအထပ်လိုက်ကြီးအား ကြည့်ရင်း သူမသည် ၎င်းတို့ကို ပြာဖြစ်အောင် မီးမရှို့နိုင်ခြင်းကြောင့် မုန်းတီးလာ၏။
သူမသည် သူမ၏ဒူးများကို ထောက်ချလိုက်ပြီး ကျင်းယွင်ကျောင်းအား ငဲ့ညှာပေးရန် တောင်းပန်ခဲ့သော်လည်း ထိုအစား ကျင်းယွင်ကျောင်းသည် အမှန်တကယ်ပင် ရက်စက်လွန်းလှသည်။
"ငါတို့ ငယ်ငယ်လေးကတည်းက နင်က ဒီလိုပဲ။ ကျင်းယွင်ကျောင်း၊ နင်က မုန်းစရာကောင်းနေတုန်းပဲ"