Chapter 30 : တရားဥပဒေအရ ကိုယ့်ကိုကိုယ် ကာကွယ်ခုခံပိုင်ခွင့်
ဆရာကျင်ဘက်ရှိ ကိစ္စများမှာ ကိုးယို့ကားရားဖြစ်နေပြီး သူမ၏အမူအယာက မသက်မသာနှင့် စိုးရိမ်မှုများပြည့်နေသည်။ သူမသည် ကျင်းယွင်ကျောင်းက ယနေ့ ဤကဲ့သို့သော လုပ်ရပ်ကို လုပ်ခဲ့ခြင်းမှာ သေချာပေါက်ပင် ယမန်နေ့ကဖြစ်ခဲ့သည်များကြောင့် သူမ အလွန်အမင်း စိတ်ဖီးစီးနေ၍ဖြစ်မည်ဟု ယုံကြည်၏။
"ကျင်းယွင်ကျောင်း၊ အတိအကျ ဘာတွေဖြစ်ခဲ့တာလဲ"
ဆရာမကျင်က လေသံမာမာဖြင့် စစ်ဆေးမေးမြန်းလိုက်သည်။
ကျင်းယွင်ကျောင်းက ဆရာမကျင်အား တရားမျှတမှုရှိသူမှန်း သိထားပြီးဖြစ်သဖြင့် ဆရာမကျင်၏ အမြင်သည်လည်း ကျိုးကြောင်းဆီလျှော်မှုမရှိဟု မထင်မိပေ။ ဆရာမကျင်သည် သူမအား စ,စချင်းမှာပင် အပြစ်မတင်ခဲ့သည်ဖြစ်ရာ ထိုသည်က သူမအနေဖြင့် ကျင်းယွင်ကျောင်းအား ယုံကြည်သည့် လက္ခဏာပင် ဖြစ်လေ၏။
"ဆရာမကျင်၊ ကျွန်မ လက်ပါခဲ့တဲ့အတွက် မှားသွားပါတယ်။ အဲဒီအတွက် ကျွန်မ တောင်းပန်ပါတယ်"
ကျင်းယွင်ကျောင်းက မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။ ထို့နောက် ဖူးယောင်နေသော မျက်နှာနှင့် လုကျားအား မျက်နှာချင်းဆိုင်၍ တောင်းပန်လိုက်၏။
"ငါ တောင်းပန်ပါတယ်"
သို့ရာတွင် ဘယ်သူကမှ ဘာမှပြန်မပြောရသေးမီမှာပင် ကျင်းယွင်ကျောင်းက ဆက်ပြောပြန်သည်။
"ဒါပေမယ့် ကျွန်မလုပ်ခဲ့တာကို ကျွန်မ နောင်တမရပါဘူး။ ပြောရရင် ကျွန်မက ဒါကို ကျွန်မကိုယ်ကျွန်မ ကာကွယ်ဖို့အတွက် လုပ်ခဲ့တာပါ"
ထိုအခါ ဆရာမကျင်က အံ့အားသင့်သွား၏။
"မင်း ဘာကိုဆိုလိုတာလဲ။ လုကျားက အရင်ဆုံးတိုက်ခိုက်တဲ့သူ ဖြစ်နိုင်လို့လား"
ဘီခန်းမှ ဆရာမက သံသယအပြည့်ဖြင့် မေးလာသည်။
ယခုအချိန်တွင် လုကျားသည် အသက်ရှုရပ်မတက် သည်းသည်းထန်ထန် ငိုကြွေးနေပြီး သူမ၏မျက်နှာမှာလည်း ပို၍ ဖူးကားလာ၏။ သူမသည် တစ်ခွန်းမှ ပြန်မတုံ့ပြန်နိုင်သေးပေ။