Chapter 47 : ညီအစ်ကိုရင်းချာများထက် ပိုရင်းနှီးသော
သူမသည် ကိုယ်ခံပညာရပ်များကို စတင်သင်ယူခါစဖြစ်သောကြောင့် စွမ်းရည်သိပ်မရှိသေးပေ။ သူတို့နှင့်တိုက်ခိုက်ခဲ့စဥ်က သူမသည် အချိန်အများစုတွင် ရုန်းကန်ခဲ့ရသော်လည်း ဒဏ်ရာများများစားစား မရခဲ့ချေ။
အကယ်၍ ထိုအချိန်က သူမ ရှောင်တိမ်းသည်မှာ အနည်းငယ်သာ နောက်ကျသွားပါက လဲကျနေသူသည် သူမသာ ဖြစ်လိမ့်မည်ပင်။
လုကျားနှင့် သူမ၏ဝမ်းကွဲများ၏ အကျင့်စရိုက်အရ ကျင်းယွင်ကျောင်းသာ မြေပေါ် ခွေကျသွားပြီး မထနိုင်ပါက သူတို့သည် သူမအား ဆေးရုံကားခေါ်ပေးမည့်အစား စွန့်ပစ်သွားမည်မှာ အသေအချာပင်။
အပြင်ဘက်တွင် မိုးရွာတော့မည်ဖြစ်သည်။ မိုးမသည်းလျှင်တောင်မှ ၎င်းက သက်သေများကို ဆေးချပစ်ရန် လုံလောက်၏။ ထိုအချက်ကြောင့် သူမသည် ထိုနေရာတွင် လဲကျနေပြီး သွေးထွက်လွန်၍ သေသွားလျှင်တောင် မည်သူလုပ်မှန်း သိကြမည်မဟုတ်ပေ။
ထိုကဲ့သို့ တစ်ဖက်လူမှ သနားညှာတာမှုမရှိ ပြုမူရန် ဆုံးဖြတ်လိုက်မည်ကို သူမ စဥ်းစားမိပြီးဖြစ်၏။
သာ့ပြောင်ကော၏ စကားများထက် ကျင်းယွင်ကျောင်း၏ စကားများက ပို၍ ကျိုးကြောင်းဆီလျော်မှုရှိ၏။ လုကျားနှင့် အခြားသူများ၏ မျက်နှာများနှင့် ခန္ဓာကိုယ်များပေါ်တွင် မြင်သာသော ဒဏ်ရာများရှိ၏။ သို့သော် ကျင်းယွင်ကျောင်းတွင်လည်း ဒဏ်ရာ လက္ခဏာများရှိသည်၊ အထူးသဖြင့် သူမ၏ လက်မောင်းများတွင် ဖြစ်၏။
ယောက်ျားလေး လေးယောက်က မိန်းကလေးတစ်ယောက်နှင့် တိုက်ခိုက်သည်။ ပြဿနာရှာသူမှာ ဒုတိယတစ်ယောက် ဖြစ်မည်ဟု မထင်မိပေ။
"နင်က အရှက်မရှိ ကောက်ကျစ်တဲ့ မိန်းကလေးပဲ။ ငါ့တူလေးက ဒီလိုအခြေအနေဖြစ်နေတာတောင်မှ နင်က ဒီလိုစကားမျိုးတွေပြောနေသေးတယ်။ နင့်မိဘတွေက နင့်ကို သိက္ခာရှိတဲ့လူတစ်ယောက်ဖြစ်အောင် ဘယ်လိုနေထိုင်ရမယ်ဆိုတာ သင်မထားဘူးလား။ နင်က နင်မလုပ်ပါဘူးလို့ ပြောတယ်။ နင်ပြောသလို နင်သာမလုပ်ရင် ဒါကို ဘယ်သူက လုပ်နိုင်မှာလဲ။ ငါ့သားက ဒါကို လုပ်ခဲ့တယ်ဆိုတာ မဖြစ်နိုင်ဘူး၊ ဟုတ်တယ်မလား။ အရာရှိကြီး၊ ကျွန်မရဲ့သားနဲ့ တူလေးက အမြဲတမ်း တတွဲတွဲနေကြတာပါ။ သူတိုက ညီအစ်ကိုအရင်းတွေထက်တောင် ပိုရင်းနှီးကြပါသေးတယ်"