Chapter 18 : ဆေးပင်မျိုးစေ့များ ဝယ်ယူခြင်း
ကျင်းယွင်ကျောင်း၏ဆရာမှာ မည်သူပင်ဖြစ်စေကာမူ သူတို့၏ဆေးပညာစွမ်းရည်က မနိမ့်ကျသည်မှာတော့ ကျိန်းသေပင်။ သို့မဟုတ်ပါက ဤကဲ့သို့သော ဆေးညွှန်းမျိုးကို ရေးပေးနိုင်ချေ မရှိပါ။ ထူးချွန်သော ဆရာကသာလျှင် ထူးချွန်သောတပည့်ကို မွေးထုတ်ပေးနိုင်သည်။ သူမသည် စတင်သင်ယူနေဆဲ အဆင့်သာရှိသေးသော်လည်း တချို့သူများထက် သာလွန်နေပြီဖြစ်၏၊
သမားတော်ကန်သည် သူမ၏အကြောင်းအား စိတ်ဝင်စားနေသဖြင့် သူမကို အကူအညီပေးရန် သဘောတူလိုက်သည်။ သူက အဘယ်ကြောင့် ငြင်းရပါမည်နည်း။
ဟွားနင်ခရိုင်၏ ပရဆေးပစ္စည်းစျေးသည် သိပ်မကြီးသော်လည်း ရောင်းချသည့် ကုန်ပစ္စည်းများက စုံလင်လှသည်။ သူတို့ဆီတွင် မျိုးစေ့နှင့် အပင်ပေါက် အမျိိုးအစားများစွာရှိ၏။ နာရီဝက်ခန့် ဘတ်စ်ကားစီးပြီးနောက် လူကြီးနှင့်လူငယ် နှစ်ဦးသားသည် လူအနည်းငယ်ရှင်းနေသော စျေးသို့ ရောက်လာကြသည်။ စျေးအတွင်းထဲမှ လတ်လတ်ဆတ်ဆတ် ဆေးနံ့များ ထွက်ပေါ်နေ၏။
ခရိုင်ဈေးသည် တံတားတစ်စင်း၏ အောက်၌ရှိပြီး မြစ်နှင့်မျက်နှာချင်းဆိုင်ဖြစ်သည်။ သူတို့သည် ဆေးဖက်ဝင်အပင်များအပြင် ငှက်အမျိုးအစားအစုံအလင်နှင့် ပန်းမန်မျိုးစုံကိုလည်း ရောင်းချသဖြင့် ထိုနေရာမှာ အတော်လေး နာမည်ကျော်ကြား၏။
သမားတော်ကြီးသည် အမှန်တကယ်ပင် ဤနေရာ၊ဤလူများနှင့် ရင်းနှီးသည်။ သူသည် ကျင်းယွင်ကျောင်းအား စျေးထဲသို့ လျှောက်ပတ်ခေါ်သွားပြီး လိုက်ပြ၏။ သူတို့သည် သူတို့သွားချင်သည့် နေရာသို့ မရောက်မချင်း တစ်နေရာတည်း၌ ကြာကြာမနေကြပေ။
"ဒီဆိုင်ပိုင်ရှင်က မျိုးဆက်ပေါင်းများစွာ ဆေးရောင်းလာကြတာ၊ သူကိုယ်တိုင်လည်း ဆေးဖော်တတ်တယ်။ ဒါပေမယ့် ဒီလုပ်ငန်းက ဆက်လုပ်ဖို့ မလွယ်ဘူး။ တကယ်လို့ မင်းက သူ့ကို ဆေးဖော်ပေးဖို့ တသီးတသန့် သတ်သတ်မှတ်မှတ် မတောင်းဆိုဘူးဆိုရင် သူက ဆေးဖော်ပေးမှာ မဟုတ်ဘူး။ သူက အပင်တွေကို အထဲမှာ ကိုယ်တိုင်စိုက်တယ်။ ဒီဆိုင်က ကြည့်လိုက်ရင် နည်းနည်းရှုပ်နေသလို ထင်ရပေမယ့် အတွင်းထဲမှာရှိတဲ့ ပစ္စည်းတွေက တခြားနေရာတွေထက် ပိုများပြီး ပိုလည်း စုံတယ်ဆိုတာ ငါ အာမခံတယ်။"