Chapter 41 : ရာသီအမှား
အဖိုးက လူတွေကို ဘယ်လိုသွားရှုပ်ရမလဲဆိုတာ တကယ်သိတာပဲ။
စူးချူ၏ နှုတ်ခမ်းများက ရွစိရွစိနှင့် သူမ လုံးဝမကျေနပ်ဖြစ်နေသော အမူအယာကို ဖော်ပြနေသည်။ သူမနှင့် ပြောင်ကောသည် ငယ်စဥ်ကတည်းက ဆေးပညာရပ်ဆိုင်ရာ စာအုပ်များကို အမြဲတမ်း သင်ယူခဲ့ရခြင်းဖြစ်၏။ သူတို့က အနည်းငယ် တုံးအသော်လည်း နှစ်ပေါင်းများစွာ သင်ကြားခဲ့ရခြင်းကြောင့် အသိအမြင်များ စုပုံလာခဲ့၍ အနည်းဆုံးတော့ သူတို့တွင် တတ်ကျွမ်းမှုနှင့် ဗဟုသုတအချို့ ရှိနေသေးသည်။ တွန်းတွန်းတိုက်တိုက်သာ လုပ်လိုက်ပါက သူတို့သည် ထိုစာမေးပွဲများကို ဖြေဆိုနိုင်သေး၏။ သို့သော် ကျင်းယွင်ကျောင်းအတွက်မူ.....
သူမ၏ အဆင့်များသည် အလွန်ထူးချွန်သည်။ သို့သော် ဆေးပညာရပ်ဆိုင်ရာ စာအုပ်များသည် အလွန်ကျယ်ပြန့်၍ အဓိပ္ပါယ်လည်း အလွန်နက်နဲ၏။ စူးချူသည် ထိုရှေးကျသော စကားစုများနှင့် စကားလုံးများကို ယခုထိ နားမလည်သေးပေ။ ထိုဘာသာရပ်ကို တစ်ခါမှ မထိတွေ့ဖူးသည့် ကျင်းယွင်ကျောင်းသာဆိုပါက အများကြီးပိုဆိုးပေလိမ့်မည်။
"အစ်မတော့ ဂြိုလ်ဆိုးဝင်ပြီ၊ ဂြိုလ်ဆိုးဝင်ပြီ......ပြောင်ကျဲ၊ အစ်မ မသိဘူးနော်၊ အဖိုးရဲ့ဆေးပညာအဆင့်သတ်မှတ်ချက်က တအားတင်းကြပ်တယ်။ စာမေးပွဲဖြေတဲ့အချိန်ကျ တကယ်လို့ အစ်မ ဘာမှမသိဘူးဆိုရင် ဘယ်အဖြေကိုမှ ကြုံရာကျပန်း မရေးခဲ့နဲ့။ ခန့်မှန်းပြီး လျှောက်ဖြေတာထက် စာရွက်အလွတ်ကြီးအတိုင်း အပ်ခဲ့တာက ပိုကောင်းလိမ့်မယ်"
စူးချူသည် ကျင်းယွင်ကျောင်း အနာဂတ်တွင် ဖြတ်သန်းရမည်များအား ကြိုမြင်နေသည့်အလား ကရုဏာမျက်ဝန်းများဖြင့် ကြည့်လာသည်။
ဆေးပညာနှင့် ပတ်သတ်လျှင် ကျင်းယွင်ကျောင်းသည် လုံလုံလောက်လောက် မသိသေးသော်လည်း အနည်းဆုံးတော့ သူမသည် ထိုလမ်းကြောင်းအပေါ်သို့ လျှောက်လှမ်းရန် ဝင်ခွင့်ကို ဖြတ်ကျော်နိုင်သည်အထိတော့ လုံလုံလောက်လောက် သိပြီးဖြစ်၏။
သူမ၏ စမှတ်သည် အခြားသူများထက် မြင့်မားသည်။ အကယ်၍ သူမသည် တစ်စုံတစ်ခုကို မမှတ်မိဖြစ်နေပါက ၎င်းကို ဝိညာဥ်စွမ်းအားရှိသော ကျောက်စိမ်းထဲတွင် ရှာလိုက်ပြီးနောက် နားလည်အောင် အတတ်နိုင်ဆုံး ကြိုးစားလိုက်ရုံပင်။