Chapter 120

4.5K 258 11
                                    

Chapter 120 : အကျင့်စရိုက်တူသူများ

ခြုံပြောရလျှင် သူသည် လီရှောက်ယွင်ကို နားမလည်ပေ။ ထိုအခိုက်၌ လီရှောက်ယွင်သည် ယွီထျန်းရှန်း၏ အကြောင်းကို စဥ်းစားမနေခဲ့။ ထို့ထက် သူက ကျင်းယွင်ကျောင်း၏ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိခြင်းကို အာရုံခံမိ၍ သူမ၏ အခြားဘက်ခြမ်းများကို ပြန်စဥ်းစားနေခဲ့ကာ တစ်ခုချင်းက သူ၏မှတ်ဥာဏ်များထဲ၌ လတ်ဆတ်နေဆဲပင်။ သူမနှင့် ရွယ်တူတန်းတူ အရည်အချင်းတူများ အနက်၌ သူမကဲ့သို့ သမာဓိရှိသူက ရှားပါးသည်။

ယခင်က နဖူးမှ သွေးများ အဆက်မပြတ် စိမ့်ထွက်နေသော မိန်းကလေးကို ကူညီကယ်တင်ပေးရန် သူမ ရှေ့ထွက်လာစဥ်ကတည်းက သူမသည် ထူးခြားသောသူဖြစ်ကြောင်း သူသိပြီးဖြစ်၏။ လီရှောက်ယွင်သည် စိတ်မြန်သူတစ်ဦးဖြစ်ပြီး အခြားသူများ၏ အရေးကိစ္စများကို ဝင်ရောက်စွက်ဖက်ရခြင်းအား မနှစ်သက်ပေ။ သို့သော် သူမ၏ ခေါင်းမာမှုကို မျက်မြင်ကိုယ်တွေ့ကြုံပြီးနောက်  သူမနှင့် ရင်းနှီးရန် ထိုက်တန်ကြောင်း သူ ဆုံးဖြတ်ခဲ့သည်။

ထိုအကြောင်းကြောင့် သူသည် သူမက ယွီထျန်းရှန်းအား ပူးပေါင်း၍ ကူညီမည်ဟု ပြောသောအခါ၌ မသိစိတ်မှ ယုံကြည်နေမိခြင်း ဖြစ်၏။ ၎င်းသည် အကျင့်စရိုက်တူသူများကြားရှိ စွဲဆောင်မှုပုံစံတစ်မျိုး ဖြစ်ကောင်းဖြစ်နိုင်သည်။

တစ်ချိန်လုံး သူ၏ နှုတ်ခမ်းများက ကွေးညွတ်နေပြီး ခပ်ရေးရေး ပြုံးနေ၏။ လူကြီးလူကောင်းတစ်ဦးနှင့် အလွန်တူလှသည်။ မကြာခဏပင် သူသည် ကျင်းယွင်ကျောင်း၏ အကြောင်းကို အဓိကထား၍ မေးခွန်းများ ကြားဖြတ်ဝင်မေးတတ်သည်။

ဥပမာ ဘယ်လိုလူမျိုးတွေက သူမကို မြေတောင်မြှောက်ပေးခဲ့သလဲ။ ဒါမှမဟုတ် သူမရဲ့အဆင့်တွေက ဘယ်လိုလဲ။ ဘယ်တက္ကသိုလ်ကို တက်ချင်သလဲ။ ဘာအသက်မွေးဝမ်းကြောင်းလဲ။

သူသည် စီနီယာတစ်ဦးကဲ့သို့ ပြုမူနေ၏။ ကျင်းယွင်ကျောင်းက တွေးနေမိသည်၊ ကံကောင်း၍ ဤလူသည် နှစ်ဆယ့်လေး၊ နှစ်ဆယ့်ငါးခန့်သာ ရှိသေးပြီး သက်လတ်ပိုင်းအရွယ် ဦးလေးကြီး မဟုတ်ပေ။ သို့မဟုတ်ပါက သူ ဘယ်လောက်တောင် စကားများလိုက်မလဲဆိုသည်အား မည်သူသိမည်နည်း။

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now