Chapter 53 : ရွှေဘုံစံမမလေး
"အတန်းခေါင်းဆောင်၊ ငါ မမေ့ပါဘူး။ ငါ သူ့ကို မဖိတ်ခဲ့ရုံပါ"
ယဲ့ချင်းသည် ကျန်ရှအား အစွပ်စွဲခံရသကဲ့သို့ ကြည့်လိုက်သည်။
"ဒီလိုပါ၊ မွေးနေ့တွေဆိုတာ ပျော်ပျော်ရွှင်ရွှင်ပဲ ကုန်ဆုံးသင့်တယ်လို့ ငါထင်တယ်လေ။ မရင်းနှီးတဲ့ သူစိမ်းတွေပါ အတူစုနေရင် နည်းနည်း နေရထိုင်ရခက်နေလိမ့်မယ်။ ငါ ပျော်ပျော်မနေတတ်တဲ့သူတွေကို အလိုမရှိဘူး"
ရှောင်ဟိုင်ချင်းက ထိုအပေါ်ယံဆန်သော စကားများကို ကြားလိုက်ရသဖြင့် စိတ်ပျက်ဟန်ဖြင့် အေးစက်စက် သရော်လိုက်၏။ မရင်းနှီးတဲ့သူ ဟုတ်လား။
ယဲ့ချင်းသည် ကျောင်းကောင်စီအဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး မကြာခဏ အိန္ဒြေကြီးစွာ ပြုမူတတ်သည်။ သူမနှင့် အမှန်တကယ် ရင်းနှီးသော အတန်းဖော်မှာ အနည်းငယ်သာ ရှိ၏။ သူမ ဖိတ်ကြားထားသူများထဲတွင် အများစုမှာ သူမနှင့် တစ်ခါမှ စကားမပြောဖူးသူများ ဖြစ်ကြသည်။ ထိုလူများကိုလည်း ရင်းနှီးသည်ဟု တွက်သည်လား။
သူမသည် ကျင်းယွင်ကျောင်းအား အရှက်ခွဲနေသည်မှာ သိသာသည်။ ကျင်းယွင်ကျောင်းက သူမအပေါ် သို့မဟုတ် တစ်စုံတစ်ခုအပေါ်တွင် အကြွေးတင်နေသကဲ့သို့ပင် သူမသည် မှားယွင်းစွပ်စွဲခံရသည့်အလား ပြောဆိုနေ၏၊
ရှောင်ဟိုင်ချင်းက ဖိတ်စာကို ဖြဲပစ်လိုက်သည်။
"ယဲ့ချင်း၊ နင်ပြောတာမှန်တယ်။ မရင်းနှီးတဲ့ သူစိမ်းတွေပါ အတူစုနေတာက နေရထိုင်ရခက်စေတယ်။ ဒါကြောင့် ငါ အားနာပေမယ့် ငါတို့က မရင်းနှီးတဲ့အတွက် နင့်မွေးနေ့ပွဲကို မတက်နိုင်ဘူး။ ပြီးတော့ ငါနဲ့ ကျင်းယွင်ကျောင်းကလည်း ညစာအတူစားဖို့ အရင်ကတည်းက စီစဥ်ထားပြီးသား။ ငါတို့နှစ်ယောက်တည်းဆို နေရထိုင်ရတာလည်း ပိုအဆင်ပြေတယ်လေ"
ရှောင်ဟိုင်ချင်း၏ ပါးစပ်သည် အလွန်အဆိပ်ပြင်း၏။ သူမသည် ယဲ့ချင််းအား လှည့်ပတ်၍ အပြစ်တင်လိုက်သည်။
ယဲ့ချင်း၏ စိတ်အခြေအနေမှာလည်း မကောင်းပေ။ သူမသည် များသောအားဖြင့် စိတ်ထားကောင်းချင်ယောင်ဆောင်လေ့ရှိသည်။ သို့ရာတွင် ယခုအချိန်၌ ရှောင်ဟိုင်ချင်းက သူမအား အတန်းဖော်များစွာရှေ့တွင် အရှက်ခွဲလိုက်သဖြင့် သူမသည် ချက်ချင်းပင် ပြန်တုံ့ပြန်လိုက်၏။