《 Chapter 25 》

1.2K 268 24
                                    

^Unicode^

လက်တွေ့ကမ္ဘာ

အခန်း (၂၅) : ကြိုတင်နိမိတ်ပြမှု

သူကိုင်ထားတဲ့ဓားက တဖြည်းဖြည်း ပူတက်လာတယ်၊ လောင်ကျွမ်းနေတဲ့ အပူက လော်ကျန့်လက်ကိုတောင် မီးကျွမ်းလုမတတ်ဖြစ်လာတယ်။ လော်ကျန့် သူ့ညာဘက်လက်ကို ငုံ့ကြည့်လိုက်တယ်၊ ထို့နောက် သူ့လက်ဖဝါးထဲမှာ ဆုပ်ကိုင်ထားတဲ့ ဓားမြှောင်ကို စူးစမ်းကြည့်မိတယ်။ ဓားကို ထိလိုက်တာနဲ့ လောင်ကျွမ်းသွားနိုင်တယ်၊ သို့ပေသည့် ဓားသွားပေါ်မှာ စူးရှတဲ့ ရေခဲလွှာအလင်းတန်းတခု တလက်လက်တောက်ပနေပြန်တယ်၊ ဒီလိုရေခဲတမျှ အေးစက်မှုက ပြင်းထန်တဲ့ အပူရှိန်နဲ့ လုံးဝကို ဆန့်ကျင်ဘက်ဖြစ်လို့နေတယ်။

ဧည့်သည်တွေက လေးလွှာမှာရှိတဲ့ VIP သီးသန့်အခန်းတွေမှာ နေထိုင်ခဲတယ်။ လော်ကျန့် လေးလွှာကို ရောက်တဲ့အချိန်မှာ လူတယောက်မှ သူ မတွေ့မိဘူး။ ဘယ်လိုဘဲဖြစ်ဖြစ် သူက ဖုန်းယွီလန်ရဲ့လူနာဆောင်ဆီကို လျှောက်လာခဲ့တယ်၊ အဲ့ဒီအချိန် ရဲအရာရှိနှစ်ယောက် ကြမ်းပြင်ပေါ်မှာ လဲကျနေတာကို သူသတိပြုမိသွားတယ်။ ၎င်းတို့ကိုယ်ပေါ်မှာ ရုပ်ပိုင်းဆိုင်ရာ ဘာထိခိုက်ဒဏ်ရာမှ ရမနေခဲ့ဘူး၊ သူတို့တွေကိုကြည့်ရတာ ဒီအတိုင်း သတိလစ်နေကြရုံလောက်ပါပဲ။ လော်ကျန့်နောက်ကနေ အပေါ်ကို လိုက်တက်လာတဲ့ သူနာပြုတယောက်က ဒီမြင်ကွင်းကိုမြင်ပြီး ရုတ်တရက် ထအော်လိုက်တယ်။ လော်ကျန့် မစိုးရိမ်တော့ချေ။ သူ့ခေါင်းကို အသာလေးလှည့်ပြီး သူနာပြုကို အောက်ဆင်းကာ ဆရာဝန်သွားခေါ်ဖို့ ပြောလိုက်တယ်။ သူနာပြုထွက်သွားပြီးနောက် လော်ကျန့်က ချက်ချင်းဆိုသလို ကြမ်းပြင်ပေါ်မှာ ခြေကားရားလက်ကားရား လဲကျနေကြတဲ့ ကံဆိုးရှာတဲ့ ရဲအရာရှိနှစ်ဦးအား ဘေးကနေရှောင်သွားလိုက်ပြီး ဖုန်းယွီလန်အခန်းဆီသို့ တိုက်ရိုက် ဝင်သွားလိုက်တယ်။

သေချာပေါက်၊ ဝိညာဉ်တကောင်ကိုတောင် မမြင်ရချေ၊ အခန်းက လုံးဝကို ဗလာအတိဖြစ်နေခဲ့တယ်။

ဒါပေမဲ့ အခုချိန်မှာ လော်ကျန့်က အရင်က လော်ကျန့်မဟုတ်တော့ဘူး။ ဆေးရုံကုတင်နဲ့ ကြမ်းပြင်ပေါ်မှာ မမြင်နိုင်လောက်တဲ့ မူမမှန်တဲ့ ခြေရာတွေကို ခွဲခြားနိုင်စွမ်းရှိနေပြီး အခြေအနေကို သုံးသပ်နိုင်နေပြီဖြစ်တယ်။ သူက ရပ်မသွားဘဲ ရေချိုးခန်းကို တန်းသွားလိုက်တယ်။ ရေချိုးခန်းအတွင်းရှိ ပြတင်းပေါက်က ခပ်ကျယ်ကျယ် ဖွင့်လျက်သားဖြစ်နေပြီး အထဲမှာ ပြင်းထန်၊ အေးမြတဲ့ လေတွေ တိုက်ခတ်နေတယ်။ ပြတင်းပေါက်နားကိုသွားပြီး အပြင်ကို ခေါင်းထုတ်ကာ သူငုံ့ကြည့်လိုက်တယ်။ ခပ်မည်းမည်း ပုံရိပ်နှစ်ခုကို မှောင်မိုက်နေတဲ့ လမ်းကြားထဲမှာ ဖြတ်ခနဲတွေ့လိုက်ပြီး တယောက်နဲ့တယောက် လုံးထွေးနေကာ ရုန်းရင်းဆန်ခတ်ဖြစ်နေပုံရတယ်။

အနန္တဆောင်ခန်းများမှ လွတ်‌မြောက်ရာ [ မြန်မာဘာသာပြန် ]Where stories live. Discover now