《 Chapter 47 》

812 154 21
                                    

^Unicode^

မြစ်ထဲက ပန်းပွင့်နှင့် ရေအိုင်ထဲက လရိပ်

အခန်း (၄၇) : မြစ်ထဲက ပန်းပွင့်နှင့် ရေအိုင်ထဲက လရိပ်မှ ထွက်ပြေးလွတ်မြောက်ခြင်း (အပိုင်း ၆)

[ မတ်လ ၂ ရက်နေ့၊ မိုးတွေရွာနေတယ်။ ငါ့အတန်းဖော်တွေက ငါ့ကို ပိုပိုပြီးတော့ အထူးအဆန်းလို ကြည့်လာကြတယ်။ သူတို့က ငါ့ကျောင်းသုံးဖတ်စာအုပ်တွေနဲ့ အိမ်စာစာအုပ်တွေကို လွှင့်ပစ်တာတွေ၊ ငါ့ထိုင်ခုံကို ယူသွားတာတွေနဲ့ ငါ့စားပွဲပေါ်မှာ ထူးဆန်းတဲ့စာတွေ ရေးကြတာတွေ စတဲ့ မပြောပလောက်တဲ့ ကျီစယ်မှုလေးတွေကို ခဏခဏ လုပ်လာကြတယ်။ ထုံးစံအတိုင်း ငါ သူတို့ကို လျစ်လျူရှုဖို့ဘဲ ရွေးချယ်လိုက်ပါတယ်၊ ဘာဖြစ်လို့လည်းဆိုတော့ သူတို့စကားတွေကို ငါအလေးအနက်ထားလိုက်ရင် ငါ့ကိုယ်ငါပဲ နာကျင်စေမှာမို့လို့လေ။ ]

[ ဒါပေမဲ့ လွန်လွန်းအားကြီးတဲ့ အကောင်တကောင်ရှိတယ်။ သူက ငါ့ကို အဆင့်အတန်းမရှိဘူးလို့ ကြိမ်းမောင်းဆဲဆိုပြီးတော့ သူ့လက်တွေက ငါ့ခြေထောက်ကို လာကိုင်တယ်။ ငါ သူ့ကို ပါးရိုက်ထည့်လိုက်တာပေါ့။ မထင်မှတ်ဘဲ အဲ့ဒီအကောင်က စရိုက်မကောင်းတဲ့ကောင်ဖြစ်နေတာပဲ။ သူက ငါ့ကို ခြေထောက်နဲ့ကန်ပါလေရော။ သူတယောက်တည်း ကန်ရုံတင်မကဘဲ တခြားကောင်တွေကိုပါ ကန်ခိုင်းတယ်လေ။ ငါ့မှာ သေလောက်အောင် နာလွန်းလို့ မူးမေ့လဲတော့မတတ်ဘဲ။ နောက်ဆုံးမှာ အတန်းပိုင်ဆရာ ရောက်လာခဲ့တယ်။ အိုး၊ အဲ့ဒီလူကြီးက နောက်ဆုံးမှာ တခါလောက်တော့ လူကြီးလူကောင်းတယောက်လို ပြုမူခဲ့တယ်။ အဲ့ဒီရွံစရာကောင်းတဲ့ကောင် တယောက်ချင်းစီတိုင်းကို သူ့ရဲ့ဆရာသုံးညွှန်တံနဲ့ ပြင်းပြင်းထန်ထန် ရိုက်နှက်အပြစ်ပေးခဲ့တယ်လေ။ ]

[ သူက ငါ့ကို ပွေ့ချီပြီး ဆေးရုံကို ပို့ပေးခဲ့သေးတာ။ ဆေးရုံမှာ သူ ငါ့ကို လက်စွပ်တကွင်းပေးပြီးတော့ ငါ့ဘယ်ဘက်လက်မှာ ဝတ်ပေးပါလို့ တောင်းဆိုခဲ့တယ်။ ငါလည်း အဲ့ဒါနဲ့ပတ်သတ်ပြီး ထွေထွေထူးထူး တွေးမနေတော့ပါဘူး။ ဒီအတိုင်း ဝတ်လိုက်တာပေါ့ ]

[ အချစ်လေး၊ ငါ ဘယ်တော့သေမှာလဲဟင်? ]

ထိုနေ့ရက်စွဲမှာ ရေးသားထားတဲ့ ရှောင်ယရွှမ်ရဲ့ဒိုင်ယာရီရေးသွင်းချက် ပြီးဆုံးသွားတဲ့နောက် တဖက်လူက တုံ့ပြန်မှုရှိမလာခဲ့ချေ။ လော်ကျန့် အောက်ပါအကြောင်းအရာတွေကို ဆက်လက်ကြည့်ရှုလိုက်တယ်။ ရေးသွင်းချက်အားလုံးနီးပါးက အတန်းဖော်တွေ သူမကို အနိုင်ကျင့်ကြတဲ့အကြောင်းတွေနဲ့ အနိုင်ကျင့်နည်းတွေ ဘယ်လိုကွဲပြားသွားသလဲဆိုတာတွေပါပဲ။ သူတို့က သူမကို ရိုက်နှက်ဆဲဆိုကြရုံတင်မကဘဲ အလုံပိတ်အခန်းတွေ ဒါမှမဟုတ် သင်ထောက်ကူပစ္စည်းစတိုခန်းတွေမှာ သူမအား သော့ခတ်ထားခဲ့ကြပြီး များသောအားဖြင့် တညလုံး ဒါမှမဟုတ် တရက်ကနေ နှစ်ရက်လောက်အထိ ဆက်တိုက်ပိတ်လှောင်ထားခဲ့ကြတယ်။

အနန္တဆောင်ခန်းများမှ လွတ်‌မြောက်ရာ [ မြန်မာဘာသာပြန် ]Where stories live. Discover now