《 Chapter 35 (Unicode) 》

1.1K 211 7
                                    

^Unicode^

လက်တွေ့ကမ္ဘာ

အခန်း (၃၅) : ASURA (အာဆူရာ)

သူရဲ့နဂိုမူလ grimoire ပုံစံကို ပြန်ပြောင်းသွားပြီဖြစ်တဲ့ Shadow ရဲ့အကူအညီနဲ့ သစ်ခေါင်းပေါက်အတွင်းမှာ ကွေးကွေးလေးဖြစ်နေတဲ့ ဖုန်းယွီလန်ကို လော်ကျန့်ရှာတွေ့ခဲ့တယ်။ သို့ပေမဲ့ သူတို့တွေ အတော်လေး နောက်ကျသွားပုံပါပဲ။ အဲ့ဒီအပေါက်ရဲ့အပြင်ဘက်တည့်တည့်မှာ မတ်တပ်ရပ်နေတဲ့ နောက်ထပ်လူတယောက် ရှိနေတယ်။ သွမ့်လိက အပေါက်အရှေ့မှာ ဆောင့်ကြောင့်ထိုင်ချပြီး သူ့လက်မောင်းတွေကို ဆန့်ထုတ်ထားကာ အားလန်ကို သူ့ရင်ခွင်ထဲမှာ ပွေ့ဖက်ထားရင်း အပြင်ကို ဂရုတစိုက် ပွေ့ချီလာခဲ့တယ်။ ဖုန်းယွီလန်ရဲ့တကိုယ်လုံးက သွေးတွေနဲ့ဖြစ်တယ်၊ သူ့အဝတ်အစားတွေက ကြက်သွေးရောင်တွေ စွန်းထင်းနေတဲ့အပြင် သူ့မျက်လုံးနှစ်လုံးက တင်းတင်းပိတ်နေကာ မလှုပ်မယှက်ဖြစ်နေတယ်။ တွေဝေမိန်းမောနေရင်းနဲ့ သွမ့်လိက တဖက်လူကို သူ့ရင်ခွင်ထဲမှာ ညင်သာစွာ ပိုက်ထွေးထားခဲ့တယ်။

"ကြည့်ရတာ ငါ့တာဝန်က ပြီးသလောက်ရှိတော့မယ်နဲ့တူတယ်" လော်ကျန့်ရောက်လာတာကို သွမ့်လိက သတိထားမိခဲ့တယ်။ လှည့်တောင်မကြည့်ဘဲနဲ့ သူပြောလာတယ်။ "နည်းနည်းပိုကြာကြာလေး ကစားလို့ရလိမ့်မယ်လို့ ငါထင်လိုက်တာ၊ ဒါပေမဲ့ ကြည့်ရတာ ဒီဟာလေးက ဆက်မထိန်းထားနိုင်တော့တဲ့ပုံပဲ၊ အာ။ ငါ့လက်ထဲမှာ...သူက ဖန်ထက်တောင် ပိုကွဲကြေလွယ်နေသလိုပဲ"

အခုအချိန်မှာ ပစ်မှတ်က အသက်မရှိတော့တာကြောင့် သစ်နွယ်ပင်တွေက စတင်ခြောက်သွေ့ညှိုးနွမ်းလာခဲ့တယ်၊ တပင်ပြီးတပင်၊ နွယ်ပင်တွေက လူတိုင်းရဲ့မျက်စိရှေ့မှာ အလျင်အမြန် ခြောက်သွေ့ပြီး ရှုံ့တွလာကြတယ်။ အပင်တွေအားလုံး သေဆုံးပြီး မြေကြီးပေါ်ကို အတုံးအရုန်း ပြုတ်ကျလာဖို့ စက္ကန့်ပိုင်းလောက်ပဲကြာလိုက်တယ်။ နေမထွက်သေးတာကြောင့် တောအုပ်ကြီးက အမှောင်ထုထဲမှာ နစ်မြုပ်နေခဲ့တယ်၊ လမင်းကြီးရဲ့အေးမြတဲ့ ငွေမှင်ရောင်အလင်းတန်းတခုသာ သစ်ရွက်တွေပေါ်ကို ဖြည်းညှင်းစွာ ဖြာကျနေခဲ့ပြီး သစ်တောမြေကို ညင်သာစွာ ရိုက်ခတ်နေကာ ပတ်ဝန်းကျင်ဧရိယာကို လင်းထိန်နေစေခဲ့တယ်။ အရှေ့အရပ်က သောကြာဂြိုလ်က ထွက်ပြူပြီးနေပြီဖြစ်ကာ နေ့တနေ့ရဲ့ပထမဦးဆုံး လင်းရောင်ခြည်ရောက်ရှိလာမှုကို အချက်ပြနေလေတယ်၊ အချက်ပြနေခြင်းကား...အရုဏ်တက်ချိန်ရောက်ပြီ ဆိုတာကိုပင်။

အနန္တဆောင်ခန်းများမှ လွတ်‌မြောက်ရာ [ မြန်မာဘာသာပြန် ]Where stories live. Discover now