《 Chapter 53 》

794 128 6
                                    

^Unicode^

လက်တွေ့ကမ္ဘာ

အခန်း (၅၃) : Specter (တစ္ဆေ)

လော်ကျန့် သူ့ဦးလေးကို လျှို့ဝှက်ထောက်လှမ်းနေတဲ့ လက်သည်တရားခံအစစ်အား ရှာဖွေတဲ့နေရာမှာ အကူအညီပေးဖို့ ဆုံးဖြတ်လိုက်တယ်။ သူ့အစီအစဉ်ကို နောက်တနေ့မှာ စတင်အကောင်အထည်ဖော်ခဲ့တယ်။ သူ့ဦးလေးရဲ့စားချိန်သောက်ချိန်နဲ့ အိပ်စက်အနားယူချိန်ကအစ၊ မနက်ကနေ ညအထိ၊ တနေ့တာရဲ့ ၂၄ နာရီလုံးကို သူနောက်ကနေ တောက်လျှောက် စတင်လိုက်ပါခဲ့တယ်။ သူ့လုပ်ရပ်တွေက အတော်လေး ရူးကြောင်ကြောင်နိုင်ပေမဲ့ လော်ကျန့်မိဘတွေက သူတို့ရဲ့သားဖြစ်သူအား မတွေ့ရတာကြာပြီဖြစ်တဲ့အပြင် အမှန်တကယ်လည်း သူ့ကို အလွန်အမင်း လွမ်းဆွတ်နေခဲ့ကြတယ်။ အဲ့ဒါကြောင့် လော်ကျန့်ဘာလုပ်လုပ် သူတို့တွေက ဝင်မစွက်ဖက်ဘဲ ခွင့်ပြုပေးထားပြီး သူလုပ်ချင်တာကို လွတ်လွတ်လပ်လပ် လုပ်ခွင့်ပေးထားကြတယ်။

သူ့ဦးလေးက ၂၄ နာရီလုံးလုံး စောင့်ကြည့်နေခြင်းကို သဘောမကျသော်ငြား ထိုလုပ်ရပ်အား ပြတ်ပြတ်သားသား ငြင်းဆန်ခြင်းမရှိပေ။ ထို့ကြောင့် သူ့ဦးလေးနောက် တကောက်ကောက်လိုက်ရင်းနဲ့ လော်ကျန့်တယောက် ပြဿနာအချို့ကို အမှန်တကယ် ရှာဖွေတွေ့ရှိလာခဲ့တယ်။

သူ့ဦးလေးရဲ့လုပ်နေကျအလုပ်ထဲမှာ ဆိုင်ကို ကြည့်ရှုတာလည်း အပါအဝင်ဖြစ်တယ်။ အသက်ကြီးလာတာနဲ့အမျှ သူ့လှုပ်ရှားမှုတွေက တောင့်တင်းလာပြီဖြစ်တာကြောင့် ဆိုင်ကို ကြည့်ရှုစောင့်ရှောက်ဖို့ အားလပ်ရက်ရတဲ့ ကျောင်းသားလေးတယောက်ကို သူဌားရမ်းခဲ့တယ်။ အလုပ်ကို မျှလုပ်ကြတဲ့အခါ လုပ်စရာက များများစားစား မရှိတော့ချေ။ အားလပ်ချိန်တွေမှာ ဦးလေးဖြစ်သူက စာအုပ်တွေ ဖတ်တာ၊ ပန်းပွင့်တွေနဲ့ အပင်တွေကို စုပျိုးထောင်တာတွေအပြင် စာဝါဌက်လေးတွေ မွေးမြူတာကို လုပ်လေ့ရှိတယ်။ ခြုံပြောရရင် သူ့ဘဝက အတော်လေး အေးအေးလူလူ ရှိလှတယ်။

လော်ကျန့် တနေ့တာရဲ့အချိန်အများစုကို သူ့ဦးလေးနဲ့အတူ ဆိုင်မှာ ကုန်ဆုံးဖြစ်ခဲ့တယ်။ ခဏလောက် ဟိုနားဒီနား သူလျှောက်ကြည့်ပြီး ထူးဆန်းတဲ့ လူ ဒါမှမဟုတ် အရာဝတ္ထုတွေကို ရှာမတွေ့ခဲ့ဘူး။ လော်ကျန့်အနေနဲ့ သူ့ရဲ့အလိုလိုသိစိတ်ကို အတော်လေး ယုံကြည်မှုရှိတယ်။ တိုက်ပွဲအမြောက်အများကို သူ မကြုံတွေ့ဖူးသော်ငြား သေခြင်း ရှင်ခြင်းဆိုတာကို ကြုံတွေ့ခဲ့ဖူးတဲ့ လူတွေမှာ အမြဲလိုလို မယုံကြည်နိုင်စရာကောင်းတဲ့ ဝမ်းတွင်းအသိ ဆိုတာမျိုးတွေ ရှိတတ်ကြတယ်။ ဘာခံစားချက်မှန်း အတိအကျမပြောနိုင်ပေမဲ့ တချို့သော ကိစ္စတွေမှာ သူတို့အနေနဲ့ အတွင်းကျကျမြင်နိုင်တဲ့ အံ့အားသင့်ဖွယ် မွေးရာပါ ထူးခြားတဲ့ ပင်ကိုလက္ခဏာကို ပိုင်ဆိုင်ထားကြတယ်။

အနန္တဆောင်ခန်းများမှ လွတ်‌မြောက်ရာ [ မြန်မာဘာသာပြန် ]Where stories live. Discover now