အိမ်ပြန်ရောက်တာနှင့် ဟန်မင်းမောင်က မီးဖိုချောင်သို့ဝင်ကာ ထမင်းဟင်းချက်ဖို့လုပ်ပြီး စောမောင်ကတော့ ခြံအနောက်ဖက်က ချောင်းသို့သွားကာ ငါးသွားဖမ်းသည်။
ကိုစောမောင်နှင့်အတူဈေးသွားပြီးနောက် ဟန်မင်းမောင် သိလိုက်ရသည်က ကိုစောမောင်က သူထင်နေသလောက် ငွေသိပ်မရှာနိုင်ခြင်းကြောင့် မွဲတေနေတာမျိုးမဟုတ်ဘဲ ဖြစ်သလိုနေဖြစ်သလိုစားကာ ငွေကုန်မခံတတ်သည့်သူမျိုးသာဖြစ်ကြောင်း သိလိုက်ရသည်။
သို့သော်လည်း အခု သူတို့နှစ်ယောက်ဈေးသွားချိန်တွင် ဟန်မင်းမောင် လိုချင်သမျှကို ကိုစောမောင်က ဝယ်ပေးသည်။
ဟန်မင်းမောင် မျက်နှာသစ်ရန်နှင့် ကိုယ်လက်သန့်စင်ရန် ကင်ပွန်းသီးမှုန့်များနှင့် တရော်တို့ကိုပင် ဝယ်လာခဲ့သေးသည်။
ဟန်မင်းမောင် သူလိုချင်သည်များအား ကိုစောမောင်က မညည်းမညူဝယ်ပေးတာကြောင့် ကိုစောမောင်ကို အများကြီးချစ်သွားပြီဖြစ်သည်။
အများကြီးချစ်တယ်ဆိုတာ ၅၂၈မေတ္တာမျိုးနဲ့ ချစ်တာမျိုးကိုပြောတာနော် အဟမ်း။
ဟန်မင်းမောင်က ဝယ်လာခဲ့သည့် အိုးခွက်ပန်းကန်များကို နေရာချလိုက်ကာ ထမင်းတည်ရန် မီးစမွှေးသည့် အလုပ်ကိုစတင်တော့သည်။
မီးမွှေးတာကတော့ပြဿနာမရှိ။
မူလပိုင်ရှင်၏ မှတ်ဉာဏ်ထဲကအတိုင်း မီးခတ်ကျောက်ကိုသုံးကာ မီးမွှေးလိုက်သည်။
ထို့နောက် ဆန်ကိုဆေးကာ ထမင်းအိုးတည်တော့သည်။
ထမင်းအိုးတည်ပြီးနောက် ဟန်မင်းမောင် အခြားလုပ်စရာရှိသည်များကို လုပ်နေစဉ် စောမောင်က ငါးရံ့ခပ်ကြီးကြီး သုံးကောင်ဖမ်းလာပြီး ငါးကိုင်တော့သည်။
"ငါးက ဘယ်အရွယ်လောက် တုံးပေးရမလဲ"
စောမောင်က ဟန်လေးအားလှမ်းမေး၏။
"လက်နှစ်လုံးလောက်ဆိုရပြီ"
စောမောင်က ခေါင်းညိတ်က ငါးများကို ဟန်လေးပြောသည့်အတိုင်း လက်နှစ်လုံးအရွယ်အတုံးလေးများဖြစ်အောင် တုံးလိုက်၏။
YOU ARE READING
မြင်းလှည်းသမားရဲ့ ခင်ပွန်းလေး(COMPLETED)
Romanceဒါကတော့ ကိုယ့်ရဲ့ ဒုတိယမြောက်ဖန်တီးခြင်းပါ။