Chapter 26_U

21.2K 1.5K 146
                                    

ခေမနိုင်ငံ၊ မင်းနေပြည်တော်၊ လက်ဝဲအမတ်ကြီး ဦးရာဇ၏ အိမ်တော်ရှိ စာကြည့်ဆောင်အတွင်းတွင်ဖြစ်သည်။

"ကလေးကိုခေါ်သွားတဲ့ အစေခံကိုရှာတွေ့ပါပြီ အမတ်မင်း"

အမတ်ကြီး၏ လူယုံညာလက်ရုံးဖြစ်သည့် ဒေဝက အမတ်ကြီးအား အရိုအသေပေးကာ လျှောက်တင်လာသည်။

အမတ်ကြီးမှာတော့ ထိုစကားကြောင့် ဝမ်းသာသွားပြီး ပြုံးလိုက်တာမို့ သူ၏မျက်လုံးထောင့်များတွင်ရှိသော အရေးအကြောင်းအနည်းငယ်က ပိုမိုထင်ရှားလာခဲ့သည်။

"ကလေးကရော"

"ကလေးကတော့ လက်ရှိ အစေခံနဲ့အတူမရှိပါဘူး အမတ်ကြီး ... အစေခံက အတော်ခေါင်းမာတယ် ... နောက်ဆုံး သူ့ရဲ့သား အသက်နဲ့ ခြိမ်းခြောက်ပြီး မေးလိုက်မှ အမှန်အတိုင်းပြောပြလာတယ် ... ကလေးကို ခက်လက်မြို့အနားက ကမ်းပါးရွာရဲ့ ရွာဦးဘုန်းကြီးကျောင်းက ဆရာတော်ဆီမှာအပ်ခဲ့တယ်တဲ့ ... ကလေးနဲ့အတူ မမလေးစန္ဒာရဲ့ ဆွဲကြိုးကိုပါတပါတည်း ဆရာတော်ကိုအပ်ခဲ့ပါတယ်လို့ အစေခံက ဖြေကြားလာပါတယ် အမတ်ကြီး"

"ခက်လက်မြို့နားက ကမ်းပါးရွာမှာတဲ့လား"

"ဟုတ်ပါတယ် အမတ်ကြီး"

"မနက်ဖြန် မင်းကိုယ်တိုင်ဦးစီးပြီး ဒီအမတ်ရဲ့သားကို သွားပြန်ခေါ်ခဲ့ရမယ် ... ခလုတ်မထိ ဆူးမငြိပဲ သားကို ချောချောမွေ့မွေ့ ခေါ်လာခဲ့ပါ"

"ဟုတ်ကဲ့ပါ အမတ်ကြီး"

ဒေဝက အမတ်ကြီး၏ အမိန့်အား လက်ခံပြီးနောက် အမတ်ကြီးအား အရိုအသေပေးကာ စာကြည့်ဆောင်အတွင်းမှ ထွက်သွားတော့သည်။

အမတ်ကြီးမှာတော့ စာကြည့်ဆောင်အတွင်း တစ်ယောက်တည်းကျန်ခဲ့ကာ အတွေးတို့က လွန်ခဲ့သည့် နှစ်နှစ်ဆယ်ကျော်သို့။

လက်ဝဲအမတ်ကြီး ဦးရာဇမှာ လူငယ်ဘဝ အသက်ဆယ့်ခြောက်နှစ်အရွယ်တွင် သုလျံဆိုသော ကလေးမွေးနိုင်သော အမျိုးသားကလေးနှင့် ချစ်ကျွမ်းဝင်ခဲ့သည်။

သုလျံက အလွန်ချစ်စရာကောင်းသလို အလွန်ချော အလွန်လှလွန်းသည်။

သို့သော်လည်း သုလျံမှာ မျိုးရိုးနိမ့်ကျသော အစေခံတစ်ယောက်၏သားသာဖြစ်သည်။

မြင်းလှည်းသမားရဲ့ ခင်ပွန်းလေး(COMPLETED)Where stories live. Discover now