ဒီရက်ပိုင်းများမှာတော့ စောမောင်တို့မိသားစုမှာ ဦးရာဇ၏ အိမ်တော်တွင် အေးအေးချမ်းချမ်းပျော်ပျော်ရွှင်ရွှင်နှင့်ပင်။
သားငယ်နောင်ခက သူ့ဖိုးဖိုးလေးဖြင့် အဖွဲ့ကျနေပြီး အိမ်မှခေါင်ချုပ် ဦးရာဇမှ စကာ အစေခံများအထိ လူအားလုံး၏ အသည်းကျော်လေးဖြစ်လာသည်။
နောင်ခက သွက်လည်းသွက် တတ်လည်းတတ် ချစ်အောင်လည်းနေတတ်တာမို့ အားလုံးက သဲသဲလှုပ်ကျတာမဆန်း။
ခက်လက်မြို့က မုန့်ဟင်းခါးဆိုင်မှာကတည်းက လူရည်လည်နေသည့် နောင်ခက အရိပ်သုံးပါးနားလည်သလို ဘယ်သူ့ကို ဘယ်လိုအလိုက်သင့်လေးပြောပြီး ဘယ်လိုပေါင်းရမလဲ နားလည်သည်။
ကိုလူအေး နောင်သိုက်ကတော့ သူ၏ထုံးစံအတိုင်း ခပ်အေးအေးသာ။
နောင်သိုက်က နေ့ခင်းပိုင်းတွင် စာသင်ဌာန၌ စာသင်ရပြီး ညပိုင်းတွင်တော့ သူ့ဖိုးဖိုးကြီးထံမှ နန်းတွင်းရေးရာကိစ္စများကို သင်ယူလျက်ရှိသည်။
နောင်သိုက်က သူ့ဖိုးဖိုးကြီးထံတွင် ကျားထိုးခြင်းသင်ယူထားတာကြောင့် တခါတရံ နေ့ခင်းနေ့လည်အားသည့် အချိန်များတွင် မြေးအဖိုးနှစ်ယောက် ကျားကစားလေ့ရှိသည်။
ဦးရာဇက နောင်သိုက်ကို နန်းတွင်းမှ မှုးမတ်များ၏ သားသမီးများအား ပညာသင်ပေးသည့် စာသင်ဌာနတွင် ပညာသင်စေပြီး နောင်ခအတွက်ကိုတော့ အိမ်တော်မှာပင် ပညာသင်ကြားနိုင်ရန် နာမည်ကြီးဆရာတစ်ယောက် ငှားပေးထားသည်။
နောင်သိုက်က ဉာဏ်ရည်ထက်မြက်ပြီး အလွန်တော်တာကြောင့် နန်းတွင်းစာသင်ဌာနမှ စာသင်ပေးသည့် ဆရာများက နောင်သိုက်ကို ချီးကျူးကြသည်။
ဦးရာဇမှာတော့ သူ့မြေးကြီးချီးကျူးခံရတိုင်း မြေးကြီးအတွက် ဂုဏ်ယူမဆုံး။
၎င်းနှင့် ဆန့်ကျင်ဖက်ဖြစ်စွာ နောင်ခမှာတော့ စာထဲသို့စိတ်မဝင်စားတာကြောင့် အိမ်တော်သို့လာသင်ပေးသည့် ဆရာမှာ စိတ်ညစ်ပြီး အမတ်ကြီးအား ပြန်ပြီးတိုင်ရသည့်အဆင့်ပင်။
နောင်ခတို့က ကျန်သည့်အချိန်တွင်သာ အသွက်။
ဆရာ စာစသင်ပြီဆိုပါက ငေးမောတွေးတောခြင်းစတင်တော့သည်။
YOU ARE READING
မြင်းလှည်းသမားရဲ့ ခင်ပွန်းလေး(COMPLETED)
Romanceဒါကတော့ ကိုယ့်ရဲ့ ဒုတိယမြောက်ဖန်တီးခြင်းပါ။