Chapter 18_U

26.8K 1.8K 105
                                    

စောမောင်တို့လင်ခင်ပွန်းနှစ်ယောက်ဖွင့်ထားသည့် မုန့်ဟင်းခါးဆိုင်လေးမှာ အလွန်ရောင်းကောင်းသည်။

လာရောက်စားသုံးသူ အလွန်များပြားတာကြောင့် စားပွဲထပ်တိုးလိုက်ရပြီး စားပွဲများက မုန့်ဟင်းခါးရောင်းချသည့်အချိန်များတွင် လူပြည့်နေတော့၏။

တချို့လူများကတော့ ကိုယ့်အိမ်က ချိုင့်များ ပန်းကန်များဖြင့် လာရောက်ဝယ်ယူကြပြီး သူဌေးအိမ်များကတော့ ဟင်းရည်ထည့်သည့် ချိုင့်အကြီးများနှင့် ငါးပွဲစာ ဆယ်ပွဲစာ စသဖြင့်လာရောက်ဝယ်ယူကြသည်။

အတော်လေးကို ရောင်းအားကောင်းကာ ပထမဆုံးရက်မှ ရောင်းချသည့် ပမာဏထက် သုံးဆမျှပိုရောင်းနေရပြီး မနက် ၁၀ နာရီကျော်လျှင် အကုန်ကုန်ပြီဖြစ်သည်။

ဒီနေ့ကတော့ သူတို့မိသားစုဆိုင်ပိတ်ပြီး ကမ်းပါးရွာသို့ပြန်ကာ ကမ်းပါးရွာရှိအိမ်ကို သန့်ရှင်းရေးသွားလုပ်ကြမှာပင်။

ကမ်းပါးရွာသို့မပြန်တာ တစ်လကျော်ခန့်ရှိပြီဖြစ်ပြီး သုခလေးကိုလည်း တွေ့ရင်း၊ အိမ်သန့်ရှင်းရေးလည်း လုပ်ရင်း၊ မိသားစုလည်း အနားယူရင်း၊ ကလေးတွေလည်း အိမ်အပြင်ထွက်လို့ရအောင် တစ်ချက်ခုတ်လေးချက်ပြတ်စဉ်းစားပြီး ကမ်းပါးရွာကအိမ်သို့ သွားကြမှာဖြစ်သည်။

"ဖေဖေ ဒီရှည်ရှည်လေးတေက ဘာရို့ခေါ်တာယဲ"

"ခေါက်ဆွဲလို့ခေါ်တယ်"

ဟန်လေးက ဒီနေ့ ကမ်းပါးရွာသို့မသွားခင် အိမ်က သားအဖတွေကို ဆီချက်ခေါက်ဆွဲလုပ်ကျွေးမလို့ ပြင်နေတာပင်။

ရှေ့ရက်များက အကြိမ်ကြိမ်အစမ်းလုပ်ဖူးတာကြောင့် ဒီနေ့တော့ ခေါက်ဆွဲလုပ်ရသည်က အခက်အခဲမရှိ ချောချောမွေ့မွေ့နှင့် အဆင်ပြေသည်။

ဖေကြီးနှင့်နေတုန်းက ဖေကြီးက ဖက်ထုပ်ဆီချက်လုပ်စားတိုင်း လုပ်ကူခဲ့တာကြောင့် ဟန်လေးအတွက် ခေါက်ဆွဲလုပ်ရသည်မှာ အရမ်းကြီးစိမ်းသက်မနေ။

ပါဝင်ပစ္စည်းများ၏ ပမာဏကို အနည်းငယ်ချိန်ဆရုံသာ။

ဟန်လေးက စားပွဲပေါ်တွင် ပြန့်ကားအောင် ဒလိမ့်တုံးနှင့် ဆွဲဖြန့်ထားသောမုန့်သားကို လိပ်လိုက်ပြီး အချောင်းလေးများရအောင် ဓားနှင့် လှီးဖြတ်နေစဉ် ဘေးမှ သားအဖသုံးယောက်က ဟန်လေး၏ လှုပ်ရှားမှုများကို သေချာလိုက်ကြည့်နေကြသည်။

မြင်းလှည်းသမားရဲ့ ခင်ပွန်းလေး(COMPLETED)Where stories live. Discover now