စောမောင် အိမ်ကိုပြန်ရောက်လာတော့ ဟန်လေးတစ်ယောက် ထမင်းဟင်းချက်ရန်ပြင်နေပြီဖြစ်သည်။
စောမောင်က မြင်းလှည်းပေါ်မှ ဝါးကပ်များနှင့် ဝါးလုံးများကိုအောက်သို့ချလိုက်ပြီး အရင်ဆုံး မြင်းကို ရေနှင့်အစာများအရင်ကျွေးလိုက်သည်။
ပြီးနောက် ချက်ပြုတ်နေသည့် ဟန်လေးအနီးအနားသို့သွားကာ မီးဖိုချောင်ဆောက်ရန်အတွက် အိမ်အောက်ဖက်၏ အနေအထားကို သေချာကြည့်လိုက်သည်။
ထိုစဉ် ခြံဝမှ စောမောင်၏သူငယ်ချင်းဖြစ်သူ သစ်ထူး၏အသံကိုကြားတာကြောင့် လင်ခင်ပွန်းနှစ်ယောက်သား ခြံပေါက်ဝသို့ပြိုင်တူကြည့်မိကြသည်။
"စောမောင် ... ဟေ့ကောင်ကြီး ရွာကိုပြန်ရောက်နေတာလား"
စောမောင်က ခြံပေါက်ဝမှ သူ၏ငယ်ပေါင်းကြီးဖော်သူငယ်ချင်းဖြစ်သူ သစ်ထူးနှင့် သူတို့လက်ထဲတွင်ဆော့ရင်းကြီးလာသော သုခဆိုသည့်ကောင်လေးကိုမြင်တော့ ဝမ်းသာအားရဖြင့် လှမ်းပြောလိုက်သည်။
"အေး ငသစ်နဲ့ သုခ အထဲကိုဝင်လာလေ"
သစ်ထူးနှင့် သုခက အိမ်ထဲသို့ဝင်လာပြီးနောက် သစ်ထူးက
"မနေ့ညနေက ဒီဘက်အိမ်က အသံတွေကြားတယ် ... ငါလည်း ညမိုးချုပ်မှ ပြန်ရောက်လာတာဆိုတော့ မနက်မှပဲ နှုတ်ဆက်တော့မယ်ဆိုပြီးနေလိုက်တာ ... မင်းမှန်းမသိလိုက်ဘူး"
"အေး ငါလည်းမနေ့ကမှ ရွာကိုပြန်ရောက်တာ ရွာမှပြန်အခြေချမလို့လေ ... မင်းတို့မိသားစုက ဒီခြေရင်းအိမ်ကိုဘယ်တုန်းက ပြောင်းလာတာတုံး ... ဦးလေးနဲ့ ဒေါ်လေးတို့အသံလည်းမကြားပါလား"
"ငါနဲ့သုခနဲ့က အရင်လက မင်္ဂလာဆောင်လိုက်ကြပြီး ဒီအိမ်ကိုပြောင်းလာတာ နှစ်ပတ်လောက်ပဲရှိသေးတယ်"
စောမောင်က သစ်ထူး၏စကားကြောင့် အံ့ဩသွားပြီး
"ဟေ့ကောင် ငသစ် မင်းက သုခလေးကို ရအောင်ယူတာပဲကွ ... ငါတို့ငယ်ငယ်တုန်းကဆယ်နှစ်နှစ်ဆယ့်သုံးနှစ်လား အဲ့ရွယ်တုန်းက မင်းပြောပြောနေတာလေ သုခကို ခင်ပွန်းတော်မယ် ဆိုပြီး ... အဲ့တုန်းက သုခကမှ ရှစ်နှစ်ကိုးနှစ်ပဲရှိဦးမယ် တကယ်ကြီးရအောင်ယူမယ်လို့ မထင်ထားဘူး"
YOU ARE READING
မြင်းလှည်းသမားရဲ့ ခင်ပွန်းလေး(COMPLETED)
Romanceဒါကတော့ ကိုယ့်ရဲ့ ဒုတိယမြောက်ဖန်တီးခြင်းပါ။