"ထမင်းက တော်ပြီလား အကိုလေး"
"တော်ပါပြီ ထမင်းကကြမ်းပြီးမာတော့ ကျွန်တော် စားလို့အဆင်မပြေဘူး ... နောက်ရက်ကျမှ ကျွန်တော့်ဘာသာ ကျွန်တော် ကြည့်ကျက်ပြီး ချက်စားလိုက်တော့မယ်"
အရှေ့က ထမင်းပန်းကန်ကို စိတ်ပျက်လက်ပျက်ကြည့်ပြီး မျက်နှာလေးရှုံ့မဲ့နေသည့် အကိုလေးကိုကြည့်ကာ စောမောင် တစ်ယောက်သက်ပြင်းခိုးချမိသလို အကိုလေး၏သူကိုယ်တိုင်မီးဖိုချောင်ဝင်ကာ ထမင်းဟင်းချက်စားမည်ဆိုသောစကားကြောင့် အကိုလေးတစ်ယောက် ဖြစ်မှဖြစ်ပါ့မလားဆိုသော စိတ်နှင့် စောမောင် စိတ်ပူရပြန်သည်။
နောက်ပြီး သူနှင့် စသိသည့် အချိန်ကတည်းက "မင်း"နှင့် "ငါ"နှင့် သုံးကာ မောက်မာစွာပြောဆိုတတ်သည့် အကိုလေးက ယခု"ကျွန်တော်"ဆိုသော နာမ်စားကိုသုံးပြီး ပြောလာတာကြောင့်စောမောင်ခင်မျာ အံ့ဩနေရပြန်သည်။
အကိုလေးနှင့်သူ လက်ထပ်ခဲ့သည်မှာ တစ်ပတ်ရှိပြီဖြစ်သည်။
အကိုလေး၏ အစ်ကိုဖြစ်သူ ကိုမြမင်း၏ ချောက်တွန်းမှုကြောင့် အကိုလေးလို မျိုးရိုးမြင့်မြတ်သည့် ငွေရှင်ကြေးရှင်ကုန်သည်တစ်ယောက်၏သားဖြစ်သူမှာ သူလို မြင်းလှည်းမောင်းပြီး သူများအိမ်တွင် ထင်းပို့၊မီးသွေးပို့ လုပ်ပေးရသည့် ဆင်းရဲနုံချာပြီး မိဘမဲ့တစ်ကောင်ကြွက်ဖြစ်သည့် ကောင်မျိုးနှင့်လက်ထပ်ခဲ့ရတာဖြစ်သည်။
သူနှင့် အကိုလေးတို့ လက်ထပ်ပြီးနောက်ရက်တွင်တော့ အကိုလေး၏ ဖခင်က အကိုလေးအား သားအဖြစ်မှအမွေပြတ်စွန့်လွှတ်ကြောင်းကြေငြာခဲ့သည်။
အဓိကကတော့ အကိုလေးက သူလို ဆင်းရဲနုံချာသည့် ဆင်းရဲသားနှင့် အကြောင်းပါခဲ့တာကြောင့်ပေါ့။
မာနကြီးပြီး မောက်မာသည့် အကိုလေး ကိုယ်တိုင်ကလည်း သူ့အစ်ကို၏စနက်ကြောင့် သူတို့နှစ်ယောက်အကြောင်းပါခဲ့ရမှန်းသိသော်ငြား ထိုကိစ္စကိုလုံးဝလက်မခံနိုင်သလို သူ့ကိုလည်း ခါးခါးသီးသီးပင်။
ဖခင်ဖြစ်သူထံမှ အမွေပြတ်စွန့်လွှတ်ကြောင်းသတင်းကို ကြားခဲ့ရသည့် အကိုလေးမှာတော့ ထိုညနေကသူမြင်းလှည်းဖြင့် ခရီးသည်အား သွားပို့သည့်အချိန်တွင် သူ့လက်ကောက်ဝတ်ကိုသူဓားနှင့်လှီးကာ သတ်သေရန်ကြိုးစားခဲ့သည်။

YOU ARE READING
မြင်းလှည်းသမားရဲ့ ခင်ပွန်းလေး(COMPLETED)
Lãng mạnဒါကတော့ ကိုယ့်ရဲ့ ဒုတိယမြောက်ဖန်တီးခြင်းပါ။