သုံးရက်ကြာပြီးနောက် စောမောင်တို့မိသားစု မင်းနေပြည်တော်သို့ရောက်ရှိသွားကြသည်။
ခက်မမြို့ကနေမထွက်ခွာခင် မနက်ပိုင်းတွင် ဦးမင်းအား သူတို့မိသားစု သွားရောက်ကန်တော့ခဲ့ကြပြီး မင်းနေပြည်တော်သို့ သူတို့ရွှေ့ပြောင်းကြမည်ဖြစ်ကြောင်း ဦးမင်းအား အသိပေးခဲ့သည်။
ဦးမင်းကတော့ စောမောင်က အမတ်ကြီးဦးရာဇ၏ ပျောက်ဆုံးနေသည့် သားဖြစ်ကြောင်း သိရသဖြင့် အလွန်အံ့ဩသွားသလို ဟန်လေးတို့မိသားစုအတွက် အလွန်ပင် ဝမ်းမြောက်ဝမ်းသာဖြစ်နေခဲ့သည်။
ဟန်လေးကိုလည်း အမတ်ကြီးအိမ်တော်တွင် လိမ်လိမ်မာမာ အလိုက်တသိနှင့်နေဖို့ ဆုံးမစကားများ မှာကြားခဲ့သည်။
မြေးနှစ်ယောက်အတွက်လည်း ဦးမင်းက မုန့်ဖိုးများအဖြစ် တစ်ယောက်ကို ငွေဒင်္ဂါးပြားငါးရာစီပေးလိုက်သေးသည်။
ဟန်လေးတို့ ဦးမင်းအိမ်သို့ရောက်တော့ မင်းယံအကြောင်းကြားသိပြီးကြသည့် မောင်နှမများအနက်မှ မူလပိုင်ရှင်နှင့် အဆင်ပြေသည့် သော်မင်းက ဟန်လေးအား ဖြစ်ကြောင်းကုန်စင်ကို မေးမြန်းခဲ့သေးသည်။
ဟန်လေးကလည်း ဖြစ်စဉ် အစအဆုံးကို ထိန်ချန်ထားခြင်းမရှိဘဲ သော်မင်းအား ပြောပြခဲ့သည်။
အကြောင်းစုံသိလိုက်ရသည့် သော်မင်းက မင်းယံအား ဆဲဆိုခဲ့သလို ဟန်လေးတို့ အဆင်ပြေကြောင်းသိရသည့်အခါတွင်လည်း ရိုးသားစွာပင် ဝမ်းမြောက်ဝမ်းသာရှိပေးခဲ့သည်။
ဦးမင်းအိမ်မှ ပြန်လာကြပြီးနောက် စောမောင်တို့မိသားစု ခက်မမြို့စားကို နှုတ်ဆက်လိုက်ပြီး စောမောင်က မင်းယံ၏ ကိစ္စကို သေချာကိုင်တွယ်ပေးရန် ခက်မမြို့စားအား အထူးတောင်းဆိုခဲ့သည်။
ခက်မမြို့စားကလည်း သေချာကိုင်တွယ်ပေးပါမည် ဟု လေးနက်စွာကတိပေးခဲ့သည်။
စေသူကတော့ မျက်ရည်ဝဲနေသည့် နောင်သိုက်အား နောက် အခွင့်ကြုံရင်နောင်သိုက်ထံသို့လာလည်ပါမည်ဟု ကတိပေးကာ နှစ်သိမ့်ပေးနေခဲ့ရသည်။
****
အမတ်ကြီးအိမ်ရှေ့သို့ရောက်တော့ အိမ်ရှေ့တွင် အသင့်စောင့်နေသည့် အစေခံများက စောမောင်တို့ မိသားစုအားခေါ်ကာ အမတ်ကြီးထံသို့ခေါ်ဆောင်သွားကြသည်။
YOU ARE READING
မြင်းလှည်းသမားရဲ့ ခင်ပွန်းလေး(COMPLETED)
Romanceဒါကတော့ ကိုယ့်ရဲ့ ဒုတိယမြောက်ဖန်တီးခြင်းပါ။