ကိုယ်ဝန်ဆောင်ချိန်ကာလများတွင်လည်း အသွားအလာ၊ အနေအထိုင် ၊ အစားအသောက် စသဖြင့် ဂရုစိုက်ပြီး ဆင်ခြင်နေရသလို ကလေးမွေးဖွားပြီးနောက်ရက်များတွင်လည်း ဆင်ခြင်နေရဆဲပင်။
ကလေးနှစ်ယောက် မမွေးဖွားခင် ညနေပိုင်းက အကိုနှင့် ဟန်လေး တိုင်ပင်ထားကြသည့်အတိုင်း သားကြီးကို စောထွဋ်ဟု အမည်ပေးပြီး သမီးငယ်ကို ဟန်နွေဟု အမည်ပေးခဲ့ကြသည်။
ဖြူဖွေးဖွေး၊ တုတ်တုတ်ခဲခဲကြီးတွေဖြစ်သည့် ကလေးနှစ်ယောက်ကို အိမ်တော်တစ်ခုလုံးက သဲသဲလှုပ်ချစ်ကြသည်။
ကလေးနှစ်ယောက်က နို့အရမ်းဆွဲတာကြောင့် ကိုယ်ဝန်ဆောင်ချိန်ကာ ဖောင်းကစ်ကစ် ဝတုတ်တုတ်လေး ဖြစ်နေခဲ့သည့် ဟန်လေးမှာ ကလေးနှစ်ယောက်သုံးလအရွယ်တွင် အတော်ကို ပိန်ကျသွားခဲ့သည်။
သောက်လိုက်သည့် နို့ကလည်း မနည်းသလို ပေါက်လိုက်သည့် သေးကလည်းမနည်းတာမို့ အမတ်ကြီးအိမ်တော်ရှိ နေရောင်ခြည်ကောင်းကောင်းရသော ကွင်းပြင်ထဲရှိ အဝတ်တန်း လေးတန်းတွင် လှမ်းထားရသည့် အနှီးများက အပြည့်။
တော်သေးသည်မှာ ဟန်လေးက နို့ထွက်ကောင်းပြီး ကလေးနှစ်ယောက်အတွက် မလောက်မှာမပူရ။
ပိုလျှံနေသေးတာကြောင့် ကလေးများ၏ ဖေကြီးကပါ အဆစ်ပါသေးသည်။
ကိုကိုလေးဖြစ်လာသည့် နောင်ခက သူ၏ ညီငယ်လေးနှင့် ညီမလေးကို နေ့ခင်းနေ့လည် ပုခတ်လွှဲပြီး သိပ်သည့် တာဝန်ကို ယူသည်။
ကလေးနှစ်ယောက်က ရှူးရှူးပေါက်ချ အင်အင်းပါချသည့်အချိန်များတွင်တော့ စောင့်ကြည့်နေသည့် ကိုကိုလေးနောင်ခက ဖေကြီးနှင့် ဖေဖေဖြစ်သူအား သတင်းပေးရသည်။
ကလေးနှစ်ယောက်က လေလည်ပြီး အသံကျယ်ကျယ်များထွက်သည့်အခါတွင်လည်း နောင်ခတို့က ရွှတ်နောက်နောက်ဖြင့် ပြောတတ်သေးသည်။
"ကိုကိုလေးရဲ့ ညီလေးရာ ဖြည်းဖြည်းသက်သာလုပ်ပါ ... အနှီးလည်းကွဲသွားပါဦးမယ်"
"ဖေဖေ ညီမလေး အသံအောင်ချက်က အပေါ်ကလည်း နို့ဆာရင် တပြဲပြဲ ...အောက်ကလည်း လေလည်ရင် တဘုံးဘုံးနဲ့ နှစ်နေရာစလုံးက အသံအောင်လိုက်တာ"
YOU ARE READING
မြင်းလှည်းသမားရဲ့ ခင်ပွန်းလေး(COMPLETED)
Romanceဒါကတော့ ကိုယ့်ရဲ့ ဒုတိယမြောက်ဖန်တီးခြင်းပါ။