Chapter 13_U

28.1K 2K 103
                                    

မနက်ဖြန် မိုးလွင်၏ မင်္ဂလာပွဲဖြစ်တာမို့ ညနေပိုင်းတစ်ပိုင်းလုံး ဟန်လေး မိုးလွင်တို့အိမ်တွင် သောင်တင်နေသည်။

ထွေထွေထူးထူးတော့ လုပ်နေရသည်မဟုတ်။

ကြက်သွန်အဖြူအနီလေးခွာလိုက်၊ ဘာလချောင်ကြော်ကြော်မည့် ငါးတံခွန်ခြောက်များကို ညှပ်လိုက် ၊ သုခနှင့် စကားပြောလိုက်ဖြင့် တစ်ညနေကုန်နေတာပင်။

ရွာထဲမှ အတင်းအဖျင်းလေးများကိုလည်း နားစွင့်ရင်းပေါ့။

"ကိုစောမောင်ရဲ့ ခင်ပွန်းလေးက ဘယ်ဆိုးလို့လဲ ... ရွာရောက်တာသိပ်မကြာသေးပေမဲ့ ရွာက သာရေးနာရေးကိစ္စတွေမှာ လိုက်ကူညီပေးနေပြီ"

"ဟုတ်တယ် ... မြို့ပေါ်က သူဌေးသားဆိုတော့ မာနတစ်ခွဲသားနဲ့ နေမယ်ထင်နေတာ ... ခင်ဖို့လည်း ကောင်းတယ်"

"ကိုစောမောင်က တို့ငယ်ငယ်တုန်းက ဘုန်းကြီးကျောင်းနားကပ်နေရပြီး သူများလယ်တွေမှာ နေ့စားလိုက်လုပ်ရတာ ... အခုတော့ အိမ်ပိုင်အိုးပိုင်၊ မြင်းလှည်းပိုင်နဲ့ ဟော ခင်ပွန်းအချောလေးကလည်း ရထားသေးတယ်"

"သုခပြောတာကြားတာတော့ ကိုစောမောင်ရဲ့ ခင်ပွန်းက အိမ်ထောင်မှုကိစ္စနိုင်နင်းပြီးတော့ ဟင်းချက်လက်ရာကလည်း အရမ်းကောင်းတာတဲ့"

ဟန်လေးတို့၏ မလှမ်းမကမ်းတွင် မြေပဲဆံလှော်ရန် အခွံချွတ်နေကြသည့် ရွာထဲမှ အပျို၊လူပျိုတစ်သိုက်က ဟန်လေးကိုကြည့်ကာ ခပ်တိုးတိုး ဟန်လေးနှင့် စောမောင်၏ အကြောင်းအား ပြောနေကြခြင်းပင်။

ထိုစဉ် စောမောင်၏ မြင်းလှည်းက မိုးလွင်တို့အိမ်ရှေ့တွင်ရောက်လာပြီး မြင်းလှည်းပေါ်မှ စောမောင်က ဆင်းလာကာ သူ့ခင်ပွန်းဖြစ်သူထံသို့ တန်းတန်းမတ်မတ်လျှောက်သွားသည့်ကို တွေ့လိုက်ရသည်။

ဟန်လေးအနားသို့ရောက်သွားသည့် စောမောင်က ခင်ပွန်းဖြစ်သူအားကြည့်ပြီး ပြုံးလိုက်ကာ ခုံအပုလေးပေါ်တွင် ထိုင်နေသော ဟန်လေး၏ ခေါင်းလေးအား အသာအယာပုတ်လိုက်သည်ကို သူတို့အားလုံးမြင်လိုက်ရ၏။

ဟန်လေးက အလန့်တကြားဖြင့် အပေါ်ကိုမော့ကြည့်တော့ စောမောင်ဖြစ်နေတာကြောင့် လန့်သွားတုန်းက အနည်းငယ်ပြူးကျယ်လာသည့် မျက်လုံးလေးများ ကွေးညွှတ်သွားသည်အထိ စောမောင်အားပြုံးပြလိုက်သည်။

မြင်းလှည်းသမားရဲ့ ခင်ပွန်းလေး(COMPLETED)Where stories live. Discover now