စောမောင်၏ ရွေးချယ်ခိုင်းမှုနှစ်ခုအား ဟန်လေး မရွေးချယ်ရသေးခင် တစ်ပတ်မပြည့်မှီ အချိန်မှာပဲ စောမောင်နှင့် ဟန်လေး ခက်မမြို့မှ ထွက်ခွာရဖို့ အကြောင်းဖန်လာခဲ့သည်။
မြမင်း၏စနက်ကြောင့် စောမောင်ထင်းပို့နေကြ သူဌေးအိမ်များက စောမောင်အား နောက်လများတွင် ထင်းလာပို့စရာမလိုတော့ကြောင်း ပြောခဲ့ကြသည်။
ထို့အပြင် စောမောင်အား ခက်မမြို့သို့ခေါ်လာကာ သူ၏ခြံထဲတွင်ပေးနေထားသော ဦးတိုးမှာလည်း စောမောင်အား ခြံထဲမှတဲ တွင် ဆက်မထားနိုင်တော့ကြောင်းပြောလာခဲ့သည်။
ဦးတိုးက စောမောင်ကို သူ၏ခြံအတွင်း စောမောင်တို့လင်ခင်ပွန်းနှစ်ယောက်အား ဘာကြောင့်ဆက်မထားနိုင်တော့တာလဲ ဆိုသည့်အကြောင်းကို ရှင်းပြလာသည်။
အကြောင်းအရင်းကတော့ မြမင်းကြောင့်ပါပဲ။
မြမင်းက အကယ်၍ စောမောင်တို့လင်ခင်ပွန်းနှစ်ယောက်အား တဲတွင်ဆက်ငှားထားပါက ဦးတိုး၏ခြံမှထွက်သည့် အသီးအနှံများကို မည်သည့်ဆိုင်ကိုမှ ရောင်းလို့မရအောင် လုပ်ဆောင်ပစ်မည်ဟု ခြိမ်းခြောက်လာတာကြောင့်ဖြစ်သည်။
စောမောင်က သူဌေးအိမ်များတွင် ထင်းဆက်ပို့လို့မရတော့သည့် အကြောင်းအား ဟန်လေးကို မပြောမိသော်လည်း ဦးတိုးက တဲတွင်ဆက်မထားနိုင်တော့သည့်အကြောင်းကိုတော့ ဦးတိုးကိုယ်တိုင် ခြံထဲတွင် လင်ခင်ပွန်းနှစ်ယောက်လုံးရှေ့၌ ပြောလာတာကြောင့် ဟန်လေးလည်း မြမင်း၏ ပစ်မှတ်ထားခံနေရကြောင်းကို သိသွားခဲ့သည်။
ဦးတိုးပြန်သွားပြီးနောက် ဟန်လေးက စောမောင်အား မေးသည်။
"အစ်ကို မြမင်းက ဘာလို့ အဲ့လောက်တောင် ဟန်မင်းကို ဒုက္ခလိုက်ပေးနေရလဲ မသိဘူးနော် ... အစ်ကို့ရဲ့ အလုပ်မှာရော အဆင်ပြေရဲ့လား"
ဟန်လေး၏ မေးခွန်းကြောင့် စောမောင် သက်ပြင်းချကာ ခေါင်းခါပြသည်။
"မနေ့ရှေ့တစ်ရက်ကရယ် မနေ့ကရယ် ... ကိုယ် ထင်းနဲ့မီးသွေးသွားပို့နေကြ အိမ်တွေက နောက်ရက်တွေ လာပို့စရာမလိုတော့ဘူးဆိုပြီး ပြောလိုက်ကြတယ်"

YOU ARE READING
မြင်းလှည်းသမားရဲ့ ခင်ပွန်းလေး(COMPLETED)
Romanceဒါကတော့ ကိုယ့်ရဲ့ ဒုတိယမြောက်ဖန်တီးခြင်းပါ။