Part 2(Unicode)

490 28 3
                                    

Felicitàဆိုတာ ပျော်ရွှင်မှုလို့ အဓိပ္ပာယ်ရတဲ့ မြို့လေးတစ်မြို့တဲ့။ ကမ္ဘာ့နိုင်ငံတွေနဲ့ နှံ့နှံ့စပ်စပ်ရှိတဲ့ သျှားကိုယ်တိုင်ပဲ ဒီမြို့လေးကိုရှာတွေ့ခဲ့တာလေ။

"ကျွန်တော်နဲ့ လိုက်ခဲ့ချင်လား"

သူ့ကို သျှားမေးတုန်းက လင်းနေညိုဟာ ရှည်ရှည်ဝေးဝေးတွေ လျှောက်မစဥ်းစားခဲ့...။ "မင်းနဲ့သာဆိုရင် ဘယ်နေရာဖြစ်ဖြစ်"လို့ သူ့ဝတ္ထုထဲက အချစ်ရူးသမား ဇာတ်လိုက်ကျော်တစ်ယောက်ရဲ့ ဒိုင်ယာလော့တစ်ခုကိုပါ ငှားသုံးဖြစ်ခဲ့သေးသည်။
သူ အဲ့လိုဖြေလိုက်တော့ သျှားက စိတ်ချသွားဟန်နဲ့ ခပ်အေးအေးလေးပြုံးလို့...။ အတင်းအကြပ် အိမ်ထောင်ချပေးခံရတော့မယ့် သူ့ချစ်သူရဲ့ဘဝကို ကယ်တင်ခွင့်ရလို့ ကျေနပ်နေခဲ့တဲ့တစ်ဖက်မှာ ဆရာမရင်းတစ်ယောက်ရဲ့ ယုံကြည်မှုကို အလွဲသုံးစားလုပ်မိမှာကိုလည်း စိုးထိတ်နေခဲ့ပုံရသည်။

လွန်ခဲ့သော ဆယ့်သုံးနှစ်ဝန်းကျင်....။
မှန်တံခါးချပ်တွေ ကာရံထားတဲ့ အခန်းငယ်လေးထဲ ရိုရိုကျိုးကျိုးဝင်လာခဲ့တဲ့ သျှားရဲ့ပုံရိပ်လေးက လင်းနေညိုအတွက် မြင်မြင်ချင်းအချစ်တစ်ခုကို ပေါက်ဖွားစေခဲ့သည်။ သျှားက သူ့အမေရဲ့ တပည့်အရင်းအချာတစ်ယောက်ဖြစ်ခဲ့ပေမယ့်
သူနဲ့ကတော့ ထိုနှစ်သီတင်းကျွတ်ရာသီကမှ စတင်တွေ့ဆုံခဲ့ရသည်။

သူ့အမေက ပညာရေးနယ်ပယ်မှာ
နာမည်ကောင်းတွေနဲ့သာ ရပ်တည်ခဲ့သော အငြိမ်းစားကျောင်းအုပ်ဆရာမတစ်ယောက်ဖြစ်သည်။ မွေးချင်းဖြစ်တဲ့ အစ်မသုံးယောက်ကလည်းပဲ သူ့အမေရဲ့ခြေရာကိုလိုက်ပြီး ထိုနယ်ပယ်ထဲမှာ ထဲထဲဝင်ဝင်ဖြစ်နေကြသူတွေ။ သားအမိလေးယောက် ပေါင်းဖွင့်ထားတဲ့ ဘော်ဒါကျောင်းကလည်း အထက်တန်းကျောင်းသားမိဘတွေ အားကိုးအားထား ပြုထိုက်သော ရပ်တည်မှုမျိုးနှင့်...။ ထိုသို့ ပညာတတ်မျိုးရိုးထဲမှာ လင်းနေညိုကတော့ သိုးမည်းတစ်ကောင်သာ ဖြစ်ခဲ့သည်။

"ဆရာမတစ်ယောက်ရဲ့သားသမီးဆိုတာ ဘက်စုံတော်နေရမယ်"ဆိုတဲ့ အစဥ်အလာက
သူ့အလှည့်ကျမှ အမေနဲ့အစ်မတွေ မျက်နှာမပျက်ရုံတမယ်။ ဆယ်တန်းစာမေးပွဲကို အောင်ရုံလေးသာ ကပ်အောင်ခဲ့ပြီး မိသားစုဝင်တွေ တားမြစ်သည့်ကြားကပင် မြန်မာစာမေဂျာဖြင့် ကျောင်းပြီးခဲ့သည်။ ကျောင်းပြီးသွားတော့လည်း တစ်လောကလုံးက ထမင်းငတ်သည်ဟု လက်ခံယုံကြည်ထားသော စာရေးဆရာအလုပ်ကိုမှ တမြတ်တနိုးလုပ်ချင်ခဲ့သူ။ သူ့မှာရှိတဲ့ လျှို့ဝှက်ချက်ကြီးတစ်ခုကို မသိကြသေးခင်မှာတောင်မှ သူဟာ မလိမ္မာသောသား၊ အသုံးမကျသောမောင်,အဖြစ်နဲ့ ထိုအသိုင်းအဝိုင်းထဲ ကျင်လည်ရှင်သန်ခဲ့ရသည်။

LIFE (U/Z)Where stories live. Discover now