Part 27(Unicode)

117 17 4
                                    

ညှောင်....ဝေါင်....ဝေါင်....

ကလေးငိုသံနဲ့တူတဲ့ ကြောင်‌အော်သံတွေထွက်လာချိန်မှာ လင်းနေညိုက ဆိုဖာပေါ်ခပ်လျော့လျော့မှီရင်း မျက်လုံး‌တွေကို မှိတ်ထားခဲ့တာဖြစ်သည်။ အစပိုင်းတော့ လေသင့်ရာမျောပါလာသလို မကြားတချက်ကြားတချက်သာဖြစ်သော်လည်း တော်တော်လေးကျယ်လောင်လာခဲ့တာမို့ မျက်လုံးဖွင့်ကြည့်လိုက်တော့ Lifeက ပြတင်းပေါက်ရှေ့သို့ပင် ရောက်နေခဲ့လေပြီ။
ပန်းအိုးတင်တဲ့စားပွဲကနေ ပြတင်းဘောင်ပေါ် လက်ထောက်ထားသည့် ခပ်တန်းတန်းကိုယ်နေဟန်ထားက လူတစ်ယောက်မတ်တပ်ရပ်နေပုံနှင့်ပင်
သွားဆင်နေ၏။

တစ်ခုခုကို စိတ်၀င်တစားရှိချိန်မှာမှ မြင်ရတတ်တဲ့
ရှားရှားပါးပါးမြင်ကွင်းကလေးမို့ လင်းနေညို
အချိန်တစ်ခုထိတော့ တိတ်တိတ်ကလေးငေးနေလိုက်သေးသည်။ ပြီးခဲ့တဲ့ရက်တွေတုန်းက အိမ်ထဲမှာပဲ တစ်နေရာမဟုတ်တစ်နေရာ ကွေးနေတာကိုပဲ မြင်ခဲ့ရ၍လားမသိ။ အခုလိုမျိုး ထိုးထိုးထောင်ထောင်ပြန်ဖြစ်လာတာကိုမြင်လိုက်ရချိန်မှာ စိတ်ထဲက မကြည်လင်မှုတွေလည်း ဖြည်းဖြည်းချင်းလျော့နည်းသွားခဲ့ရသည်။

သူ ဆိုဖာပေါ်ကထလိုက်ချိန်မှာ အနက်ရောင်မျက်ဆံပျောက်ကွယ်လုနီးနီးဖြစ်နေတဲ့ ပယင်းရောင်မျက်လုံး၀ိုင်းလေးတွေက သူ့ကိုလှမ်းကြည့်လာကြသည်။ သူငယ်ချင်းတွေရောက်လာကြပြီလို့ ပြောပြချင်နေတဲ့မျက်၀န်းလေးတွေပဲလား၊ ပြတင်းပေါက်ဖွင့်ပေးဖို့ အကူအညီတောင်းလိုတဲ့ မျက်၀န်းလေးတွေပဲလား...။ ကြောင်ကလေးတစ်ကောင်ရဲ့မျက်လုံးကိုကြည့်ပြီး သူ့ဘာသာစကားကို နားလည်ဖို့ကြိုးစားနေမိတဲ့အခိုက်မှာပဲ လူတစ်‌ယောက်ရဲ့မျက်လုံးတွေကိုတော့ လင်းနေညိုဟာ နားလည်နိုင်ပါရက်နဲ့ကို သိသိသာသာ လျစ်လျူရှုထားခဲ့ပါ၏။

ဒါပေမဲ့ သူ တကယ်ရော လျစ်လျူရှုနိုင်ရဲ့လား...

သက်ပြင်းရှိုက်စရာအတွေးတွေ နေရာအနှံ့က
ဝင်လာနေတိုင်းမှာ ထိုအတွေးတွေကို မထိန်းချုပ်နိုင်ဘဲ ပိုမိုပြန့်ပွားစေမိတဲ့သူ့ဖြစ်အင်ဟာ လျစ်လျူရှုခြင်းရော မည်ပါရဲ့လား...။ လျစ်လျူရှုတယ်ဆိုတာ ကိုယ်လျစ်လျူရှုချင်တဲ့လူနဲ့ပတ်သက်တဲ့ မည်သည့်ခံစားချက်၊ မည်သည့်အတွေးတွေကိုမှ အသိအမှတ်မပြုတော့တာမျိုးလေ။ အခု‌ သူကတော့...

LIFE (U/Z)Where stories live. Discover now