Part 12(Unicode)

204 27 4
                                    

အနက်ရောင်ရေဇလုံကြီးတစ်လုံးကို
သူတို့နှစ်ယောက် တစ်ယောက်တစ်ဖက်စီ
မယူလာကြကာ အိမ်ဘေးသို့ သယ်ထုတ်လာခဲ့ကြသည်။ ရေဇလုံကိုနေရာချထားပြီးသည်နှင့် Dr.Elmoက ရေပိုက်ဆွဲယူလာကာ ရေဇလုံထဲသို့ ရေစဖြည့်သည်။ အမှန်ဆို လင်းနေညိုလည်း ဒီတိုင်းရပ်မနေသင့်ဘဲ သိုးကလေးတွေကို သွားချီလာတာဖြစ်ဖြစ်၊ ဘာလုပ်ရမလဲမေးပြီး ဝိုင်းလုပ်ပေးတာဖြစ်ဖြစ် လုပ်ခဲ့သင့်သော်လည်း သိုးတစ်ကောင်လုံးကို ချီလာဖို့အတွက်ကျတော့ သူ့အနေနဲ့လည်း လက်မရဲသည့်အပြင် မေးမြန်းချင်စိတ်လည်းရှိမနေ။ သိုးတစ်ကောင်မပြောနှင့် သူနဲ့အတူနေထိုင်နေတဲ့ ကြောင်ကလေးကိုပင် ပွတ်သပ်ရုံကလွဲပြီး ချီခြင်း၊ ပွေ့ခြင်းမျိုး မရှိခဲ့ဖူးတာကြောင့် Dr.Elmoရဲ့ လှုပ်ရှားမှုတွေကိုသာ ငြိမ်ငြိမ်လေးငေးရင်း ဆက်ကြည့်နေဖြစ်ခဲ့သည်။

"Mr.Linnပျင်းနေမှာစိုးလို့ နည်းနည်းခန့်မှန်းခိုင်းကြည့်မယ်...ဟိုးက သိုးနှစ်ကောင်ထဲမှာ ဘယ်ကောင်က ဂိုဂို ဘယ်ကောင်က ခိုခိုလဲ"

ရေပိုက်ကိုဆွဲဖယ်ရင်း သူ့ဘက်လှည့်မေးလာခဲ့ခြင်းဖြစ်သည်။ ဆွယ်တာကိစ္စနဲ့ပတ်သက်ပြီး လင်းနေညိုတစ်ယောက် သိသိသာသာ ငြိမ်ကျသွားတာကို ပြောင်းလဲပေးချင်၍ စကားမရှိ၊စကားရှာကြံလာခြင်းလားမသိ။ မေးခွန်းကို ကြားရချိန်မှာ Dr.Elmoလက်ညှိုးထိုးပြတဲ့ဘက်ကို သူလှမ်းငေးလိုက်ပေမယ့် သိုးတွေကို ခွဲခြားကြည့်ဖို့ပင် မကြိုးစားဖြစ်ခဲ့။

"နှစ်ကောင်စလုံး ရုပ်တွေက အတူတူပဲကို... ကျွန်တော်မခွဲတတ်ဘူး"

အမှန်အတိုင်းဝန်ခံလိုက်တော့ တစ်ဖက်လူက သဘောတကျရယ်မောလာသည်။ ကြာတော့
ထို့ကဲ့သို့ အလွယ်တကူ ပြုံးနိုင်ရယ်နိုင်နေတာကိုကြည့်ပြီး ထိုအပြုံးလှလှတွေကိုပါ လင်းနေညိုအမြင်ကတ်လာရသည်။ ဒီလိုမျိုး အားအားရှိပြုံးနေ၊ ရယ်နေတာမျိုးကို လင်းနေညိုမကြိုက်။ ကိုယ်က စိတ်အခြေအနေ မကောင်းနေချိန်မှာဆို အပြုံးတွေကိုမြင်ပြီး
ဒေါသတွေသာ ပိုတိုးထွက်လာသည်။ ထိုစိတ်ကို သူတစ်ပါးပျော်ရွှင်နေခြင်းအား မနာလိုသော မစ္ဆရိယစိတ်ဟုပြောမည်ဆိုလျှင်လည်း သူ့မှာငြင်းနိုင်ဖွယ်ရာမရှိ။

LIFE (U/Z)Where stories live. Discover now